Health

COVID 19 လူနာနှင့်အတူ စီးနင်းလိုက်ပါလာသည့် Air KBZ မှ ခရီးသည် (၆၈)ဦးအနက် (၄၆)ဦးနှင့် အဆက်အသွယ်ရရှိ

Read 755 times

မတ်လ (၃၀) ရက်နေ့တွင် COVID 19 အတည်ပြုလူနာအဖြစ် ဓါတ်ခွဲအဖြေရရှိထားသည့် ကျောက်မဲပြည်သူ့ဆေးရုံမှလူနာသည် တာချီလိတ်မှ မန္တလေးသို့ မတ်လ (၂၇)ရက်နေ့ ညနေပိုင်းက Air KBZ (K7 709) ဖြင့် စီးနင်းလိုက်ပါခဲ့ကြောင်းသိရသည်။

အဆိုပါ COVID 19 အတည်ပြုလူနာနှင့်အတူ စီးနင်းလိုက်ပါလာကြသည့် ခရီးသည် (၆၈) ဦးနှင့် ကလေး (၆) ဦးကို အမြန်ဆုံးကျန်းမာရေးစစ်ဆေးရန် လိုအပ်နေသဖြင့် ကျန်းမာရေးဦးစီးဌာနက စုံစမ်းရှာဖွေရှာဖွေနေရာ မတ်လ (၃၁)ရက်နေ့ ညနေ (၃)နာရီအထိ ခရီးသည် (၄၆) ဦးနှင့် အဆက်အသွယ်ရထားပြီ ဖြစ်ကြောင်းသိရသည်။

“လေယာဉ်စီးတဲ့သူက (၆၈)ယောက်လို့ ထပ်ပြီး အတည်ပြုပါတယ်။ (၇၀) မဟုတ်ဘူးတဲ့။ သူတို့ဘက်ကထပ်ပြီး အတည်ပြုလာတယ်။ လောလောဆယ်တော့ လေယာဉ်ပေါ်မှာရှိတဲ့ လူတွေရဲ့ ဖုန်းနံပါတ်တွေ လိုက်နေတယ်။ အကုန်လုံးတော့ ကျွန်တော်တို့ မရသေးဘူး။ ကမ္ဘောဇဝန်ထမ်းရယ်၊ လေယာဉ်ပေါ်မှာ ရှိတဲ့လူတွေရဲ့ ဖုန်းနံပါတ်တွေ လိုက်နေတယ်။ လောလောဆယ် တက္ကစီသမားတော့ လိုက်လို့ရသွားပြီ။ အခုထိ အဆက်အသွယ်ရတာ ကမ္ဘောဇဝန်ထမ်း မပါ (၄၆)ဦးရှိသွားပြီ” ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောသည်။

Read More >>> ပြည်တွင်းလေဆိပ်များတွင် နိုင်ငံတကာလေကြောင်းလိုင်းများကို ဆိုက်ရောက်ခွင့်မပြုတော့

ကျောက်မဲပြည်သူ့ဆေးရုံမှလူနာမှာ မတ်လ (၂၅) ရက်နေ့တွင် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁) မှနေ၍ ထိုင်းနိုင်ငံမှ နေရပ်ပြန် (၈၀၀) ကျော်နှင့်အတူ တာချီလိတ်မြို့သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ယင်းနောက် တာချီလိတ်မြို့တွင် (၂) ရက်နေထိုင်ပြီးနောက် အခြားလူ (၉) ဦးနှင့်အတူ မတ်လ (၂၇)ရက်နေ့ ညနေတွင် Air KBZ လေကြောင်းလိုင်းဖြင့် မန္တလေးသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

COVID 19 သည် အတည်ပြုလူနာနှင့် ထိတွေ့မိသူများတွင် ကူးစက်ခံရနိုင်ချေရှိသဖြင့် အတည်ပြုလူနာတစ်ဦး တွေ့ရှိပါက ၎င်းသွားလာနေထိုင်ခဲ့ရာ လမ်းကြောင်းများပြန်လည်ဖေါ်ထုတ်ပြီး ထိတွေ့ခဲ့သူများအား ရှာဖွေကာ လျင်မြန်စွာ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးနိုင်ရန် လုပ်ဆောင်နေကြခြင်းဖြစ်၍ အဆိုပါလေယာဉ်ခရီးစဉ် စီးနင်းလာသူများ ဖုန်း 09408449139 သို့ ဆက်သွယ်ပေးကြပါရန် ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Ref; Tachileik News Agency

Bookmark