ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ လေဆိပ်များတွင် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို မတ်လ ၃၀ ရက် မြန်မာစံတော်ချိန် ၂၃ နာရီ ၅၉ မိနစ်မှ စတင်ရပ်ဆိုင်းမည် ဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့် ရပ်ဆိုင်းခြင်းကို မတ်လ ၃၀ ရက်မှ ဧပြီ ၁၃ ရက်အထိ ( ၂ ) ပတ် သတ်မှတ်ထားသည်။
အဆိုပါ ယာယီဆိုင်းငံ့ချက်သည် ကယ်ဆယ်ရေးလေယာဉ်များ၊ ကုန်တင်လေယာဉ်များ၊ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးလေယာဉ်များနှင့် လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ အထူးခွင့်ပြုမည့် လေယာဉ် များ မပါဝင်ကြောင်း သိရသည်။
သို့သော် ယင်းလေယာဉ်များအနေဖြင့် ညရပ်နားမှုရှိခဲ့ပါက လေယာဉ်ပေါ်တွင် လိုက်ပါလာသော လေယာဉ်အမှုထမ်း၊ ဝန်ထမ်းများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ သီးသန့်စောင့်ကြပ်ကြည့်ရှု မှုကို လိုက်နာရမည် ဖြစ်သည်။
မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရ ယခုကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ပြီး ကူးစက်မြန် Covid-19 ရောဂါပြန့်ပွားမှု ကာကွယ်ရေး စီမံချက်အနေဖြင့် ယခင် ဆင်းသက် ပျံသန်းခွင့်ပြုထားသော နိုင်ငံတကာလေကြောင်း ခရီးစဉ်များအားလုံးကို ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။
Su Mon Oo ( Mine )