Careers & Jobs

YBS စီးနင်းသူများထံ တွင်တွင်ကျယ်ကျယ် ဝင်ရောက်လာပြီဖြစ်တဲ့ YPS ကတ်စနစ်

Read 1014 times

By WMMH (Mizzy)

ရန်ကုန်မြို့ရဲ့ သွားလာရေး အချက်အချာဖြစ်တဲ့ ဘက်စ်ကားလမ်းကြောင်းတွေကို မ.ထ.သ ယာဉ်လိုင်းစနစ်ကနေ YBS စနစ်ကို ပြောင်းလဲလာပြီးနောက်မှာ ဘက်စ်ကားတွေအနေနဲ့ ယခင်စနစ်ထက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ရှိလာခဲ့သလို တစ်ဖက်မှာလည်း ဘက်စ်ကားစီးနင်းသူ မိဘပြည်သူများအတွက် ကားခပေးချေစရာ ငွေအကြွေ အခက်အခဲများ ရှိလာကြပါတယ်။

အခုဆိုရင်တော့ YRTA ရဲ့ ဦးဆောင်မှုနဲ့အတူ ဘက်စ်ကားများကို ထပ်မံအဆင့်မြှင့်ပြီး ခရီးသွားပြည်သူအများ ဘက်စ်ကားစီးနင်းတဲ့အခါ ငွေအကြွေကို တကူးတက ရှာနေစရာ မလိုတော့ပဲ ကတ်နဲ့ ငွေချေနိုင်မယ့် Yangon Payment Service  (YPS) Card တွေကို ဇူလိုင်လ ၁၆ ရက်နေ့က စတင်မိတ်ဆက် ရောင်းချခဲ့ပါတယ်။ ကဒ်များကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ယာဉ်လိုင်း (၁၄) လိုင်းမှာ စတင် အသုံးပြုလို့ ရနေပါပြီ။

YPS Card ဆိုတာ Asia Starmar Co.Ld ရဲ့ Electronic Payment System တစ်ခုဖြစ်ပြီး ခရီးသွားပြည်သူများ ဘက်စ်ကားခ ငွေပေးချေတဲ့အခါ အဆင်ပြေစေဖို့နဲ့ Covid ကာလအတွင်း လူအများ တိုက်ရိုက်ထိတွေ့မှုကို တတ်နိုင်သမျှ လျှော့ချနိုင်ဖို့အတွက် ရောင်းချခဲ့တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။

ကတ်များကိုတော့ ရန်ကုန်မြို့တွင်းမှာရှိတဲ့ G&G Convenience Store များနဲ့ Yangon Payment Service Center များ တည်ရှိတဲ့ ဆူးလေ၊ သမိုင်းနဲ့ တာမွေ စတဲ့ မြို့နယ် (၃) ခုမှာလည်း ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

ကတ်တစ်ကတ်ကို ငွေ ၂၀၀၀ ကျပ်နှုန်းနဲ့ ဝယ်ယူနိုင်ပြီး ငွေဖြည့်ပမာဏ အနည်းဆုံး ၁၀၀၀ ကျပ်မှ စတင်ဖြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

ကတ်စနစ် စတင်အသုံးပြုနိုင်မယ့် ယာဥ်လိုင်းနံပါတ်တွေကတော့...

  • ၄၃ (ဝါယာလက် - ဗိုလ်တစ်ထောင်ဘုရား)
  • ၈၈ (ဒဂုံတက္ကသိုလ် - ပြည်တော်သာ)
  • ၁၂ (အရှေ့ဒဂုံ - ဆူးလေ)
  • ၃၈ (ပါရမီညောင်ပင် - သိရိမဂ်လာစျေးသစ်)
  • ၆၂ (ဒဂုံတက္ကသိုလ် - ကြည့်မြင်တိုင်)
  • ၈၉ (ဧရာဝဏ်- ပန်းပင်ကြီး (မင်းနန္ဒ)
  • ၁၄ (ပါရမီ (ညောင်ပင်) - သခင်မြပန်းခြံ)
  • ၃၀ (သမိုင်း (ဒဂုံတက္ကသိုလ်) - သခင်မြပန်းခြံ)
  • ၇၂ (ဧရာဝဏ်- ဆူးလေ)
  • ၈၉ (ဧရာဝဏ် (ပန်းပင်ကြီး) - မြင်တော်သာ)
  • ၂၅ (ဒဂုံတက္ကသိုလ် - မဂ်လာစျေး)
  • ၈၇ (ဒဂုံတက္ကသိုလ် - ဆူးလေ)
  • ၉၆ (လှော်ကားတာဆုံ - သာကေတ)
  • ၃၀ (ပြည်လမ်း (ဒဂုံတက္ကသိုလ်) - သခင်မြပန်းခြံ)

စတဲ့ ယာဥ်လိုင်းတွေပဲ ဖြစ်ပါတယ်။

ကတ်များစတင်ရောင်းချပြီး တစ်ပတ်တာအတွင်းမှာပဲ အသုံးပြုသူအများအပြား ရှိလာပြီး YPS Card စနစ်အပေါ် ကျေနပ်အားရသူများ ရှိသလို ဝေဖန်အကြံပြုကြသူများလည်း ရှိနေတာ ဖြစ်ပါတယ်။

Yangon Payment Service ရဲ့ Main Office ဖြစ်တဲ့ Asia Starmar Co.Ld ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ကို အောက်ပါလင့်ခ်တွင် ကြည့်ရှုပါ။
https://bit.ly/3fcVetq

Bookmark