ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ပထမအဆင့် လုပ်ငန်းစဥ်များအား အောက်တိုဘာ (၂၀) ရက်နေ့ မှစတင်ကာ အကောင်အထည်ဖော်လျက် ရှိပြီး စီမံကိန်း လုပ်ငန်းစဥ်များအား စိတ်ဝင်စားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများ အနေဖြင့် အဆိုပြုလွှာ တင်သွင်းရေးကို အောက်တိုဘာ (၁၅) ရက်နေ့က Swiss Challenge တင်ဒါကော်မတီမှ ဖိတ်ခေါ်ခဲ့သည်။
၎င်းမြို့သစ် စီမံကိန်းတွင် ရင်းနှီးမြှပ်နှံရန်အတွက် စင်္ကာပူ၊ ဂျပန်၊ အီတလီနှင့် ပြင်သစ်နိုင်ငံ အပါအ၀င် နိုင်ငံပေါင်း (၉) နိုင်ငံမှ အဖွဲ့အစည်း (၁၆) ဖွဲ့ လျာထားလျက် ရှိကြောင်း ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ အဖွဲ့အစည်းများ အနက် သတ်မှတ် အရည်အချင်း၊ လိုအပ်ချက်များနှင့် ပြည့်စုံသော အဖွဲ့အစည်း ၁၅ ဖွဲ့ကို ရွေးချယ်ပြီး အဆိုပြု ဖိတ်ခေါ်လွှာများ (Request for Proposals – RFP) ဝယ်ယူနိုင်ကြောင်း အကြောင်းကြားခဲ့ရာ သတ်မှတ်ထားသည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၆ ရက်အတွင်း
အဆိုပါ အဖွဲ့အစည်း (၉)ဖွဲ့ အနေဖြင့် လက်ရှိ ဖွဲ့စည်းထားမှု အတိုင်းဖြစ်စေ၊ နည်းပညာနှင့် ငွေကြေးလိုအပ်ချက် များကို ဖြည့်ဆည်းနိုင်ရန် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ဖြစ်စေ တင်ဒါအဆိုပြုလွှာ တင်သွင်းခွင့် ပြုထားကြောင်း သိရသည်။
အဖွဲ့အစည်းများ အနေဖြင့် သိရှိလိုသည့်အချက်များ မေးမြန်းဖြေကြားခြင်းကို (၂၀၂၀) ပြည့်နှစ် ဒီဇင်ဘာလလယ်အထိ ဆောင်ရွက်သွားမည် ဖြစ်ပြီး (၂၀၂၁) ခုနှစ် ဇန်နဝါရီ (၁၈) ရက် နောက်ဆုံးထား၍ အဆိုပြုလွှာများကို ပြန်လည်တင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။
Source : MOI