Careers & Jobs

ထူးခြားဖြစ်စဉ်များနဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရ လေးဆူဓာတ်ပုံ ရွှေတိဂုံ

Read 4001 times

ကမ္ဘာမှာ မြန်မာလို့ ဆိုလိုက်ရင် ရွှေရောင်တဖိတ်ဖိတ် တောက်ပပြီး သပ္ပါယ်နေတဲ့ ရွှေတိဂုံဘုရားကြီးကို မြန်မာနိုင်ငံသားတိုင်း ပြေးမြင်ကြမယ် ထင်ပါတယ်။ ကမ္ဘာတဝန်း နာမည်ကြီးသလို တန်ခိုးအရာလည်း ကြီးမားတာကြောင့် ရှေးယခင်တည်းကနေ ယခုချိန်အထိ နိုင်ငံခြားသားများရဲ့ စိတ်ဝင်စားဖွယ်ရာ အထင်ကရ နေရာတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။

“ လေးဆူဓာတ်ပုံ ရွှေတိဂုံ “ လို့ ခေါ်တွင်ရတဲ့ အကြောင်းအရင်းကတော့ ဘုရားလေးဆူရဲ့ ဓာတ်တော်(၄)ဆူကို ဌာပနာထားတာကြောင့်လို့ ဆိုပါတယ်။

(၁) ဆူးလေနတ်ကြီးထံက ရရှိခဲ့တဲ့ ကကုဿန် မြတ်စွားဘုရားရှင်ရဲ့ တောင်ဝှေးတော်

(၂) “ရောဟဏီ” အမည်တွင်တဲ့ ဗိုလ်တစ်ထောင်နတ်ကြီးထံက ရရှိခဲ့တဲ့ ကောဏာဂမန မြတ်စွာဘုရားရှင်ရဲ့ ရေစစ်တော်

(၃) “ဒက္ခိဏ” လို့ အမည်တွင်တဲ့ သင်္ဃန်းကျွန်း ကျိုက္ကဆံနတ်ကြီးထံက ရရှိခဲ့တဲ့ ကဿပ မြတ်စွာဘုရားရှင်ရဲ့ ရေသနုတ် သင်္ကန်းတော်မြတ်

(၄) တဖုဿနဲ့ ဘလ္လိက ညီနောင်နှစ်ဦးထံက ရရှိခဲ့တဲ့ ဂေါတမမြတ်စွာ ဘုရားရှင်ရဲ့ ဆံတော်မြတ် (၄) ဆူ


အစရှိတဲ့ ဓာတ်တော် (၄) ဆူကို စေတီတော်ရဲ့ ဗဟိုတည့်တည့်မှာ ဌာပနာခဲ့တယ်လို့ ဆိုပါတယ်။


ဓာတ်တော်တွေကို ဌာပနာရာမှာတော့ သိင်္ဂုတ္တရကုန်းတော်ရဲ့ အလယ်မှာ ဥမင်လိုဏ်ခေါင်းတစ်ခု တူးခဲ့ပြီး ကျောက်ဖျာအခင်းများ ပြုလုပ်ကာ ရန်သူတို့ ဖျက်ဆီးခြင်း မပြုစေဖို့ ရည်ရွယ်ချက်နဲ့ နတ်တို့က ဌာပနာတိုက် ထည့်သွင်းခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဆံတော်၊ ဓာတ်တော်တွေကိုတော့ “ အမြိဿ “ အမည်ရတဲ့ မှော်ဘီနတ်ကြီးက စောင့်ရှောက်တယ်လို့လည်း ဆိုကြပါတယ်။ ရွှေတိဂုံဘုရားကို တည်ဆောက်ရာမှာလည်း လူနဲ့ နတ်ဗြဟ္မာတွေ စုပေါင်းပြီး လူတစ်ရစ် နတ်တစ်ရစ် တည်ဆောက်ခဲ့တယ်လို့ ရှေးအဆိုအရ သိရပါတယ်။

မြန်မာ့သမိုင်းမှာတော့ ရွှေတိဂုံဘုရားနဲ့ ပတ်သက်ပြီး ထူးခြားဖြစ်စဉ် များစွာ ရှိခဲ့ဖူးပါတယ်။ ဒီထဲမှာမှ တစ်ကမ္ဘာလုံးအထိ ပြန့်နှံ့ကျော်ကြားခဲ့တဲ့ အကြောင်းအရာကတော့ (၁၉၀၃) ခုနှစ်၊ မတ်လ (၂) ရက်နေ့က စေတီတော်ပေါ်ကို ကျားတစ်ကောင် တက်ရောက်လာခဲ့တဲ့ ဖြစ်စဉ်ပါပဲ။

အဆိုပါ ကျားဟာ ခေါင်းလောင်းတော်ကြီးရဲ့ အနားလန်စွန်းမှာ ဝပ်နေခဲ့ပြီး ကျားတစ်ကောင်လုံးကို မြင်ရတာမျိုး မဟုတ်ဘဲ ကျောကုန်း၊ နောက်ခြေနဲ့ အမြှီးတို့ကိုသာ မြင်ရတယ်လို့ ဆိုပါတယ်။ ကျားက ငယ်ရွယ်တဲ့ ကျားမ ဖြစ်ပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အရှည်က (၈) ပေအထိ ရှိပါတယ်။

အင်္ဂလိပ်ခေတ်က သက်ဆိုင်ရာ အာဏာပိုင်တွေဟာ ကျားမကို သေနတ်နဲ့ (၅) ချက်တိတိ ပစ်သတ်ခဲ့ပြီး အဲ့ဒီခေတ်က ဘုရားပေါ် ကျားတက်တဲ့ ကိစ္စဟာ မြန်မာနိုင်ငံ အနှံ့မှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်း ကမ္ဘာကပါ သိသွားခဲ့ပြီး အရပ်ထဲမှာတော့ မှော်ဘီနတ်ကြီး ဘုရားဖူးလာတယ်လို့လည်း ပြောစမှတ်တွင်ခဲ့ကြပါတယ်။

မြန်မာ့သမိုင်းမှာတော့ ရွှေတိဂုံဘုရားနဲ့ ပတ်သက်တဲ့ ထူးခြားဖြစ်စဉ်တွေ မရေမတွက်နိုင်အောင်ပါပဲ။ ဒါ့အပြင် စေတီတော်ကြီးဟာ တန်ခိုးအရှိန်အဝါ ကြီးမားလွန်းတာကြောင့် မြေပြင်ပေါ်ကို အရိပ်မကျနိုင်ဘူးလို့ ရှေးလူကြီးများက ပြောခဲ့ဖူးပါတယ်။

နိုင်ငံခြားက စူးစမ်းလေ့လာသူ အချို့ကတော့ စေတီတော်ဟာ ထုထည်ကြီးမားလွန်းတဲ့အတွက် မြေပြင်ပေါ်ကို အရိပ်မကျနိုင်ဘူးလို့လည်း ပြောခဲ့ကြပါတယ်။ ဒါ့အပြင် ဘုရားရဲ့ အလယ်ဗဟိုက အောက်ခြေလိုဏ်ခေါင်းမှာ ပင်လယ်အော်နဲ့ ဆက်စပ်နေတဲ့ မြစ်တစ်စင်းလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဌာပနာတိုက်ထဲမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ရွှေငွေ၊ ပြည်တန်ပတ္တမြား များစွာ ရှိပြီး ဒီရတနာတွေကို မသမာသူများက ခေတ်အဆက်ဆက် လာရောက်ခိုးယူဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ကြဘူးလို့လည်း ကြားသိခဲ့ဖူးပါတယ်။

ရွှေတိဂုံသမိုင်းကြောင်းကတော့ ထူးခြားဖြစ်စဉ်တွေ၊ အံ့သြမှင်သက်ဖွယ်ရာတွေအပြင် မေးခွန်းထုတ်စရာ ဆန်းကြယ်မှုတွေလည်း များလှပါတယ်။ စာဖတ်သူများကလည်း မိမိတို့ သတိထားတဲ့ ရွှေတိဂုံ စေတီတော်မြတ်ကြီးရဲ့ သမိုင်း အထောက်အထားတွေကို comment box မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။

 

Bookmark