by Win MM Htay
အဆောင်ပိုင်ရှင်၊ အိမ်ပိုင်ရှင်များအနေဖြင့် ကိုဗစ်ကာလ အလုပ်သမားတို့၏ အကြပ်အတည်းများအား ထောက်ရှုသောအားဖြင့် အိမ်ငှားခ၊ အဆောင်ငှားရမ်းခများ စောင့်ဆိုင်းပေးကြပါရန် အလုပ်သမား၊ လဝကဝန်ကြီး ဦးသိန်းဆွေက မေတ္တာရပ်ခံလိုက်သည်ဟု သိရသည်။
ထိုမေတ္တာရပ်ခံချက်ကို ပြီးခဲ့သော အောက်တိုဘာလ ၈ရက်တွင် Video Conferencing စနစ်ဖြင့် ပြုလုပ်သော အလုပ်သမား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပြည်ထောင်စု ဝန်ကြီးက မေတ္တာရပ်ခံခဲ့သလို ရန်ကုန်တိုင်း အစိုးရအဖွဲ့မှလည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးများနှင့် ပူးပေါင်းပြီး အဆောင်ပိုင်ရှင်များ၊ အိမ်ပိုင်ရှင်များအား အလုပ်သမားများ၏ အဆောင်ငှားခ၊ အိမ်ငှားခများကို စောင့်ဆိုင်းပေးဖို့အရေး ဆောင်ရွက် သွားရန် ရှိနေကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ကာလ စတင်ဖြစ်ပွားခဲ့ချိန်မှစ၍ အစိုးရမှ ကူးစက်မှုနှုန်း လျော့နည်းစေရန် အလုပ်ရုံ၊ စက်ရုံများအား ယာယီပိတ်သိမ်းစေခြင်းများ ပြုလုပ်စေခဲ့ခြင်း ဖြစ်ပြီး ထိုသို့ ပိတ်သိမ်းမှုများကြောင့် နေ့စားအလုပ်သမားများနှင့်၊ စက်ရုံအလုပ်ရုံ လုပ်သားအချို့ စားဝတ်နေရေး ထိခိုက်နစ်နာမှုများ ကြုံတွေ့နေရခြင်း ဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါသည် လူစုလူဝေးမှတဆင့် ကူးစက်တတ်သော ရောဂါဖြစ်သည့်အားလျော်စွာ ကူးစက်မှု လျှော့ကျစေရန် အလုပ်ဌာနများကို ယာယီပိတ်ခြင်းများ ဆောင်ရွက်နေရခြင်း ဖြစ်သောကြောင့် ပိတ်သိမ်းခံရသော အလုပ်သမားများအတွက် အစိုးရမှ ထောက်ပံ့မှုများ ပြုလုပ်နေသော်လည်း လောက်ငှမှုများ မရှိသည့်အပြင် အလုပ်မလုပ်ရ၍ ပုံမှန်လစာ မျိုးမရသည့်အတွက် အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များတွင် အခက်အခဲများ ဖြစ်ပေါ်နေလျှက် ရှိသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ကူးစက်ပျံ့နှံ့ခဲ့သည့် မတ်လ ၂၃ရက်နေ့မှ စ၍ ယနေ့အချိန်အထိ ရောဂါကူးစက်ခံရသူပေါင်း (၂၃,၉၀၆) ဦး ရှိနေပြီဖြစ်ပြီး၊ သေဆုံးလူနာ (၅၆၆) ဦးနှင့် ကုသမှု ခံယူပြီး ရောဂါကင်းစင်လာသူ (၆,၇၃၈) ဦး ရှိပြီ ဖြစ်သည်။