by Win May May Htay
(၂၀၂၀) ခုနှစ်ကတော့ မြန်မာနိုင်ငံအပြင် တစ်ကမ္ဘာလုံးအတွက် မကြုံစဖူး ထူးခြားတဲ့ နှစ်တစ်နှစ်လို့ ပြောရပါမယ်။ (၂၀၁၉)ခုနှစ် နှောင်းပိုင်းကတည်းက ရာသီတုပ်ကွေးတစ်မျိုးဖြစ်တဲ့ အဆစ်အမြစ်ယောင် တုပ်ကွေး (ဆင်တုပ်ကွေး) ရယ်လို့ လူတော်တော်များများမှာ ဖြစ်ပွားခဲ့ကြပါတယ်။
အခုလည်း (၂၀၂၀) နှစ်စပိုင်းမှာ တရုတ်နိုင်ငံကနေ အခြေပြု ဖြစ်တည်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် COVID-19 ရယ်လို့ တစ်ကမ္ဘာလုံး သိမ့်သိမ့်တုန်အောင် ကြောက်ရတဲ့ ကူးစက်ရောဂါတစ်မျိုး ထပ်မံ ဖြစ်ပွားပြန်ပါတယ်။
COVID-19 ကြောင့် လုပ်ငန်းကြီး၊ လုပ်ငန်းငယ်မကျန် စီးပွားရေးပိုင်းမှာ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ကြရပါတယ်။ တစ်နိုင်ငံလုံးရော တစ်ကမ္ဘာလုံးမှာပါ စီးပွားရေးနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့နေရပါတယ်။
ဒီလိုမျိုး အားလုံးနီးပါး အကြပ်အတည်း ဖြစ်နေကြတဲ့ ကာလမှာ အခက်အခဲတွေ နည်းနိုင်သမျှ နည်းအောင် ကိုယ့်ရဲ့ဝင်ငွေကို စီမံတတ်ဖို့ အင်မတန် အရေးကြီးပါတယ်။ ရုံးဝန်ထမ်းပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ငန်း လုပ်သူဖြစ်ဖြစ် ဒီလိုအချိန်မှာ ဝင်ငွေထွက်ငွေတွေကို စနစ်တကျ စိစစ်သုံးစွဲနိုင်ပါမှ တော်ကာကျပါမယ်။
အသုံးစရိတ်တွေကို စိစစ်တဲ့နေရာမှာ ကိုယ့်အတွက် ဘယ်အရာက အရေးကြီးဆုံးလဲ၊ ဘယ်အရာကတော့ စောင့်လို့ ရသေးလဲ၊ ဘယ်အရာက ကိုယ့်အတွက် မလိုအပ်ဘူးလဲ ဆိုတာကို ပထမဆုံး ပြန်စဉ်းစားရပါမယ်။
နံပါတ်(၁)အနေနဲ့ လူတိုင်းအတွက် အရေးကြီးဆုံးကတော့ အစားအသောက်ပါပဲ။ အရဟာပြည့်ဝတဲ့ အစားအသောက်တွေကို ပုံမှန်စားသောက်နိုင်ဖို့အရေး၊ တစ်နည်းအားဖြင့် နပ်မှန်အောင် စားနိုင်ဖို့အရေးကို အရင်ဆုံး စဉ်းစားရမှာပါ။
နံပါတ် (၂) အနေနဲ့ကတော့ ကျန်းမာရေးအတွက် ဆေးဖိုးဝါးခကို စုဆောင်းထားဖို့ လိုပါမယ်။ မတော်တဆ ဖျားနာခဲ့သည်ရှိသော် ငွေပိုငွေလျှံရှိမှ ပြန်ကောင်းအောင် ကုသနိုင်မှာဖြစ်ပြီးတော့ ကျန်းမာရေးကောင်းမှသာ ဝင်ငွေရမယ့် နည်းလမ်းတွေကို လုပ်ဆောင်နိုင်မှာဖြစ်လို့ ကျန်းမာရေးကောင်းအောင်လည်း ဂရုတစိုက်ရှိဖို့ လိုပါတယ်။
နံပါတ်(၃)အနေနဲ့ နေထိုင်ဖို့အတွက်၊ အိမ်စရိတ်၊ ရေဖိုး၊ မီးဖိုးနဲ့ နိုင်ငံတော်ကို ပေးဆောင်ရမယ့် အခွန်အခတွေကလည်း အသုံးစရိတ်တွေထဲမှာ မပါမဖြစ် စဉ်းစားရမယ့် အချက်တွေပါ။
ဒီ(၃)ချက်ကို စဉ်းစားပြီးရင်တော့ ကိုယ့်မှာ ဝင်ငွေဘယ်လောက်ရှိလဲ၊ ဒါမှမဟုတ် ကိုယ်သုံးဖို့ ငွေဘယ်လောက် ကျန်ဦးမလဲဆိုတာကို အရင်ကြည့်ပါ။ ပြီးရင်တော့ ကိုယ်လက်ရှိမှာ ဘာတွေကို သုံးမိနေလဲ၊ ဘယ်ဟာတွေကို လျှော့ပြီး ဘယ်အရာတွေကိုတော့ ပိုသုံးသင့်လဲ ဆိုတာကို ဦးစားပေးအစဉ်လိုက်အတိုင်း စဉ်းစားပြီး လိုတိုးပိုလျှော့ ပြုလုပ်ပါ။
ငွေယိုပေါက်ကို တတ်နိုင်သလောက် လိုက်ပိတ်နိုင်မှ ရှာသမျှဝင်ငွေတိုင်း အဖက်တင်မှာပါ။ ကိုယ်တစ်ကယ် သုံးကိုသုံးရမယ့် အသုံးစရိတ်ကိုလည်း သေချာရွေးထုတ်ပြီး အပြည့်အဝ သုံးနိုင်ဖို့ လိုပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ မဖြစ်မနေ သုံးရမယ့် ငွေကလွဲပြီး ကျန်တဲ့ငွေကို စုထားဖို့ပါပဲ။ လက်ရှိ ဖြစ်ပျက်နေတဲ့ ကပ်ရောဂါအပေါ်မှာ သင်ခန်းစာယူပြီး နောင်တစ်ချိန်အတွက် စုကို စုရမယ့် ငွေပမာဏတစ်ခုကို သတ်မှတ်ထားပြီး ရေရှည်အတွက် ပိုက်ဆံစုပေးပါ။ ဒါမှ ဘယ်လိုအခြေအနေတွေပဲ ကြုံကြုံ ခံနိုင်ရည်ရှိစေမှာပါ။
ဒီတော့ စာဖတ်သူများလည်း အပေါ်က ဖော်ပြပေးသွားတဲ့ အချက်တွေအတိုင်း စဉ်းစားပြီး ကိုဗစ်ကာလအတွင်းမှာ ဝင်ငွေ၊ ထွက်ငွေ အသုံးစရိတ်တွေအတွက် အမှန်တစ်ကယ် အကျိုးထူးနိုင်ဖို့ မျှော်လင့်ပါတယ်။