by Win May May Htay
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ကြေညာချက်အရ COVID-19 ရောဂါ ကူးစက်ခြင်း ခံရသူများအနက် ရောဂါ၏ဒဏ်ကို ပြင်းထန်စွာ ခံစားရသူများသည် အထူးကြပ်မတ်ဆောင်တွင် ကုသမှုများ ခံယူရကာ အခန့်မသင့်လျှင် အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။
ထိုသို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများသည် ရေရှည်တွင် ဆိုးရွားသော နောက်ဆက်တွဲ ရောဂါများ ဖြစ်ပေါ်စေနိုင်ပါသည်။ ထိုဆိုးကျိုးများမှာ …
၁။ နှလုံးကြွက်သားများ ထိခိုက်ပျက်ဆီးစေသောကြောင့် ရေရှည်တွင် နှလုံး ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ခြင်းနှင့် နှလုံးရောဂါအမျိုးမျိုး ခံစားရစေခြင်း၊
၂။ အဆုတ်အတွင်းရှိ လေအိတ်ငယ်များကို ပျက်ဆီးစေသောကြောင့် အဆုတ်တွင် အမာရွတ်များ ကျန်ကာ အသက်ရှုရ ခက်ခဲလာခြင်းနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားစေနိုင်ခြင်း၊
၃။ ကူးစက်ခံရသူသည် အသက်ငယ်သူ ဖြစ်သည့်တိုင် ဦးနှောက်နှင့် အာရုံကြောစနစ်ကို ထိခိုက်စေနိုင်သောကြောင့် လေဖြတ်ရောဂါ၊ အတက်ရောဂါ၊ အကြောသေရောဂါ (Guillain-Barre Syndrome) စသည်တို့ ဖြစ်ပွားစေခြင်း၊ ထို့အပြင် ခြေတုန်လက်တုန်ခြင်း ဖြစ်ပွားသည့် (Parkinson) ရောဂါ၊ မှတ်ဉာဏ်ဆုံးရှုံးသည့် (Alzheimer) ရောဂါ စသည်တို့ ဖြစ်ပွားနိုင်ခြေ မြင့်တက်စေခြင်း၊
၄။ ခန္ဓာကိုယ်ရှိ သွေးကြောများအတွင်း သွေးခဲခြင်းများ ဖြစ်ပေါ်၍ ဦးနှောက်သွေးခဲခြင်း၊ နှလုံးသွေးကြောများ ပိတ်ခြင်း၊ ခြေထောက်သွေးပြန်ကြောများ ပိတ်ဆို့ခြင်း (Deep Vein Thrombosis) စသည့် ရောဂါများအပြင် အသည်းနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွားစေနိုင်ခြင်း၊
၅။ ကူးစက်ခံရသူသည် ပိုးကင်းစင်၍ ရောဂါလက္ခဏာများ ပြန်လည်သက်သာလာခဲ့သော်လည်း အထူးကြပ်မတ် ကုသဆောင်တွင် ကာလရှည်ကြာ သီးခြားခွဲ၍ ကုသမှု ခံယူရခြင်းကြောင့် စိတ်ကျရောဂါ ခံစားရစေခြင်း၊ စိုးရိမ်ပူပန်စိတ် များလာခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတို့ကို ခံစားရစေနိုင်ခြင်း၊
၆။ ကူးစက်ခံရသူများသည် သက်ကြီးရွယ်အို အဘိုးအဘွားများနှင့် ဆီးချိုရောဂါကဲ့သို့ နာတာရှည်ရောဂါ ရှိသူများ ဖြစ်ပါက အလွန်အမင်း မောပန်းစေခြင်း၊ ချောင်းဆိုး၍ အသက်ရှူရ ခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း စသည့် ရောဂါလက္ခဏာများကို ပိုမိုပြင်းထန်စွာ ကာလရှည်ကြာ ခံစားရစေခြင်း၊
စသည့် တရားဝင်အတည်ပြုပြီးသော ဆိုးကျိုးများအပြင် အသစ်ထပ်မံ ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများစွာကိုပါ ခံစားရစေနိုင်ပါသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော ပထမဆုံး လူနာပေါ်ထွက်လာသည့် မတ်လ (၂၃) ရက်နေ့မှ စတင်၍ ယနေ့ စက်တင်ဘာလ (၅) ရက်နေ့ မွန်းလွဲ (၁၂း၁၅) နာရီအထိ ကူးစက်ခံရသူပေါင်း (၁၂၁၆) ဦး ရှိနေပြီဖြစ်ပြီး သေဆုံးလူနာ (၇) ဦးနှင့် ကုသမှုခံယူပြီး ရောဂါကင်းစင်လာသူ (၃၅၉) ဦး ရှိကြောင်း သိရသည်။
Source From MOHS