Yangon Trend

အင်းစိန်နှင့် အချို့မြို့နယ်များတွင် ရေမကြာခဏ ပြတ်ရခြင်းမှာ မြေမျက်နှာသွင်ပြင် ကြောင့်ဟု စစ်တမ်းထုတ်

Read 498 times

ရန်ကုန်မြို့ရှိ မြို့နယ်အများစုမှာ ရေပြတ်တောက်မှုများ မကြာခဏဆိုသလို ဖြစ်ပေါ်နေပြီး ထိုသို့ဖြစ်ရခြင်းမှာ မိမိတို့ မြို့နယ်ရဲ့ တည်နေရာ အနေအထားနှင့် မြို့နယ်အဆင့် ရေပေးဝေခြင်းမှာ စိန်ခေါ်မှုများရှိနေကြောင်းကို Myanmar water portalရဲ့ စစ်တမ်းတွေအရ သိရပါတယ်။ 

ရေဆိုတာက လူသားတို့အတွက် အရေးအကြီးဆုံးနှင့် အစားထိုးမရတဲ့ သဘာဝပတ်ဝန်းကျင် အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ လုံလောက်သော ပမာဏ၊ အရည်အသွေး လုံခြုံစိတ်ချရတဲ့ ရေကို သောက်သုံးနေရဖို့က လူသားတို့ရဲ့ အခြေခံလိုအပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ 

မန္တလေးမြို့ထက် လူဦးရေ ၄ဆ ပိုများပြီး လူဦးရေ ၅.၂ သန်းရှိတဲ့ ရန်ကုန်မြို့က မြန်မာနိုင်ငံရဲ့ လူဦးရေ အများဆုံးနှင့် စီးပွားရေးမြို့တော်ကြီး ဖြစ်ပါတယ်။

ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်းနှင့် ပဲခူးမြစ် ၃ခုရဲ့ မြစ်ဆုံက ရန်ကုန်မြို့ရဲ့ အလယ်ပိုင်းမှာ တည်ရှိပြီး ပျမ်းမျှနှစ်စဉ် မိုးရေချိန်မှာ ၂၇၀၀ မီလီမီတာခန့်ရှိခြင်းက မြို့ရဲ့မြောက်ဘက်မိုင် ၄၀ ခန့်မှာရှိတဲ့ အဓိက ရေလှောင်ကန် ၄ ခုကို ပြန်လည် ဖြည့်တင်းပေးနေပါတယ်။

ရန်ကုန်မြို့က ရေပေါများသော်လည်း ရေပေးဝေရေးစနစ်အတွက် စီမံခန့်ခွဲက မလုံလောက်သေးဘဲ လူနေထူထပ်တဲ့ ရန်ကုန်မြို့ရဲ့ (၃၈)ရာခိုင်နှုန်း ကိုသာ လွှမ်းခြုံထားနိုင်သေးတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)ထံမှ သိရပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး အချက်အချာကြသော ရန်ကုန်မြို့ရဲ့ အဓိကပြဿနာက သန့်ရှင်းတဲ့ ရေလုံလောက်စွာ မရရှိသေးတာပဲ ဖြစ်ပါတယ်။

မြို့ပြမှာ နေထိုင်သူများအားလုံးအတွက် လုံခြုံ စိတ်ချရပြီး သန့်ရှင်းသော ရေပေးဝေမှုကို လူတိုင်းရရှိဖို့က အရေးကြီးပါတယ်။ သို့သော် စည်ပင်သာယာရေးအနေနဲ့ ရရှိတဲ့ရေက ရန်ကုန်နှင့် မန္တလေးမြို့တွေမှာတင် မလုံလောက်သော အခြေအနေဖြစ်ပေါ်နေပါတယ်။

ရန်ကုန်မြို့မှာ လက်ရှိ ရင်ဆိုင်နေရသော ရေပေးဝေရေးနှင့် ပတ်သက်ပြီး မြို့နယ်အဆင့်ရှိ စိန်ခေါ်မှုများကို ရှာဖွေရန်နှင့် ရေရှည် ရေထောက်ပံ့နိုင်မှုကို အဟန့်အတားဖြစ်စေတဲ့ အချက်တွေကို လေ့လာဖော်ထုတ်ခဲ့ကြပါတယ်။

ဒီလေ့လာမှုမှာ သောက်သုံးရေ လုံခြုံမှုစံနှုန်းများနှင့် ကိုက်ညီရန်၊ ရေအရည်အသွေး တိုးတက်ရန် အရေးတကြီး လိုအပ်နေတဲ့ ကိစ္စရပ်များကို တွေ့ရှိခဲ့ပါတယ်။ မကြာခဏ ရေပြတ်လပ်မှု ခံစားနေရတဲ့ ရပ်ကွက်များအတွက် အရေးပေါ် အရေးယူဆောင်ရွက်မှု လိုအပ်နေပြီး တောင်တန်းဒေသများမှာ ရေစုပ်စနစ်ကို တပ်ဆင်ခြင်းက မလုံလောက်သော ရေဖြန့်ဝေမှု ပြဿနာကို ကိုင်တွယ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ 

ရေရှည်မှာ ရေကိုလုံလောက်စွာထောက်ပံ့ရေးအတွက် မြေအောက်ရေမှလာတဲ့ ရေပေးဝေရေးစနစ်ကို တိုးချဲ့ရန်လိုအပ်သော်လည်း မြေအောက်ရေလျော့နည်းလာခြင်းက အကျိုးဆက်အနေနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများဖြစ်လာစေပါတယ်။

အင်းစိန်မြို့နယ်တွင် စည်ပင်သာယာရေးဆိုင်ရာ ရေပေးဝေမှုကိစ္စ သုံးသပ်ချက်များ

၁။ ရေလုံလောက်စေရန် အခြားအရင်းအမြစ်များ- မြေအောက်ရေအသုံးပြုတဲ့ အရင်းအမြစ်က ရေသန့်ရှင်းမှုနှင့် လုံခြုံမှုကို မေးခွန်းထုတ်စရာ ရှိနေပါတယ်။ မြေအောက်ရေ အသုံးပြုမှု ကြီးထွားလာခြင်းကြောင့် ရေခမ်းသွားပြီး လက်ရှိနှုန်းထားအတိုင်း ဆက်လက်တည်ရှိနေပါက ရေပြတ်လပ်မှုက မကြာခဏ ပြန်ဖြစ်လာနိုင်ပါတယ်။

၂။ နွေရာသီအချိန် ရေရရှိမှု အခြေအနေ- အင်းစိန်မြို့နယ်ရှိ ပြည်သူများအားလုံးအတွက် ရေအရည်အသွေးမှာ စိုးရိမ်စရာဖြစ်ပါတယ်။

၃။ မြို့နယ်ရပ်ကွက်များ အခက်အခဲ- ရေပြတ်လပ်မှုက ရာသီအလိုက် မကြာခဏဖြစ်တတ်သော်လည်း အချိန်ကြာမြင့်စွာ ပြတ်လပ်မှုကို တွေ့ရှိရပါတယ်။ အထူးသဖြင့် အင်းစိန်မြို့နယ်ရဲ့ ရပ်ကွက်တွေဖြစ်တဲ့ အရှေ့ကြို့ကုန်း၊ တောင်သူကုန်းနှင့် ဖော့ကန်တို့ဖြစ်ပါတယ်။

၄။ မြေမျက်နှာသွင်ပြင်ကြောင့် ရပ်ကွက်များအတွင်း ရေရှိမှု အချိန် - တချို့သော ကုန်းမြင့် ရပ်ကွက်များတွင် ညအချိန်တွင်သာ ရေရရှိပါတယ်။

၅။ ရေပမာဏ လုံလောက်မှုရှိစေဖို့- အများဆုံး မကြာခဏပြတ်လပ်မှုကို ခံစားနေရသော ရပ်ကွက်တွေအတွက်အရေးပေါ် အရေးယူဆောင်ရွက်မှုလိုအပ်ပြီး တောင်တန်းဒေသတွေမှာ အသုံးပြုတဲ့ မြစ်ရေတင်စနစ်က မမျှတသေ ာရေဖြန့်ဝေမှုကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ 

ဒါ့ကြောင့် မြို့နယ်အဆင့်ရေပေးဝေမှုကို သေချာစီမံနိုင်မှ ရန်ကုန်မြို့နယ်အတွင်း ရေပြတ်လပ်မှုကို ထိန်းချုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်တမ်းကို အသေးစိတ်ဖတ်ရှုလိုပါက 
>> PDF

By Yangon Directory

Bookmark