By-Jae
Yangon Water Bus ကို လာမည့် ဩဂုတ်လ (၁) ရက်နေ့တွင် ပြန်လည် စတင် ပြေးဆွဲမည်ဖြစ်ပြီး တစ်ရက်တာလုံး မည်သူမဆို အခမဲ့ စီးနင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း Yangon Water Bus မှ ထုတ်ပြန်ထားသည်။
Water Bus ပြန်လည်ပြေးဆွဲရာတွင် လမ်းသစ်-ဆာပါချောင် ခရီးစဉ်ကို စတင်ပြေးဆွဲမည် ဖြစ်ကာ COVID -19 ရောဂါ ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် Mask အသုံးပြုသူများသာ စီးနင်းခွင့်ရရှိမည် ဖြစ်ပြီး ရေယာဉ်ပေါ်သို့ တက်ရောက်ရာ ၀င်ပေါက်တွင်လည်း ကိုယ်အပူချိန်တိုင်းခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။
Yangon Water Bus ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် စတင်ပြေးဆွဲခဲ့ပြီး ဆိပ်ကမ်းများ၏ မိုးရာသီ၌ ပျက်စီးမူများအား ပြုပြင်ရန်၊ ရေယာဉ်များ အကြီးစားပြုပြင်ရန်၊ ငမိုးရိပ်ချောင်းအတွင်း ပြေးဆွဲမည့်ရေယာဉ်များ တင်သွင်းရန်၊ ငမိုးရိပ်ချောင်းဆိပ်ကမ်းများ ဆောက်လုပ်ခွင့်ရရှိရန်၊ သံလျင်ဆိပ်ကမ်း ပြုပြင်ဆောက်လုပ်ရန်နှင့် ငွေပေးချေစနစ်သစ်အတွက် စက်များတပ်ဆင်ရန် စက်တင်ဘာလ (၂၇) ရက်နေ့မှ စတင်ကာ ပြေးဆွဲမူများ ခေတ္တရပ်နားထားခဲ့ခြင်း ဖြစ်သည်။
ယခု ပြန်လည် စတင် ပြေးဆွဲမည့် ဩဂုတ်လ (၁) ရက်နေ့တွင် စင်ကာပူကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်ထားသော Payment စက်များ တပ်ဆင်ထားပြီး ဖြစ်သည့်အတွက် KBZ Ppay၊ CB Ppay၊ Wave Money Aaccount များဖြင့် ရေယာဉ်စီးခ ပေးချေ စီနင်းနိုင်တော့မည် ဖြစ်သည်။