Business

အမေရိကန်က တရုတ်ကုမ္ပဏီ(၅)ခုကို တင်ပိုခွင့်ကန့်သတ်

Read 253 times

တရုတ်နိုင်ငံ၊ ရှင်ကျန်းပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကုန်ပစ္စည်းတင်ပို့ခွင့် ကန့်သတ်သည့်စာရင်းတွင် တရုတ်ကုမ္ပဏီ ၅ ခုကို အမေရိကန်က ထပ်မံထည့်သွင်းလိုက်သည်။

“အထူးသဖြင့် Xinjiang GCL New Energy Material Technology၊ Xinjiang Daqo New Energy၊ Xinjiang East Hope Nonferrous Metals၊ Hoshine Silicon Industry (Shanshan)နှင့် Xinjiang Production and Construction Corps ကုမ္ပဏီတို့သည် အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်းများကို ပြုလုပ်ခြင်း၊ လက်ခံခြင်း သို့မဟုတ် အသုံးပြုခြင်းတို့ဖြင့် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ အကျိုးစီးပွားနှင့် ဆန့်ကျင်သောလုပ်ဆောင်မှုများ ပြုလုပ်နေကြောင်း” တာဝန်ရှိသူများက ဆုံးဖြတ်လိုက်သည်ဟု အမေရိကန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနက ဇွန်လ ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံမှ လုပ်ငန်းအဖွဲ့အစည်း ၅ ခုသည် ရှင်ကျန်းဒေသရှိ ဘာသာရေးနှင့် တိုင်းရင်းသားလူနည်းစုများ အပေါ်လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်ခြင်း၊ ဖိနှိပ်ခြင်း၊ အတင်းအဓမ္မလုပ်အားပေးစေခြင်းနှင့် အဆင့်မြင့်နည်းပညာဖြင့် စောင့်ကြည့်ခြင်းစသည့်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြောင်း အမေရိကန်အစိုးရက ဆုံးဖြတ်ခဲ့သည်ဟု Sputnik က ဖော်ပြခဲ့သည်။

ယင်းကုမ္ပဏီများသည် ၎င်းတို့၏ လိုင်စင်ခွင့်ပြုချက်အတွက် လိုအပ်ချက်များ ထပ်မံရှိလာမည်ဖြစ်ပြီး ပို့ကုန်တင်ပို့ခြင်း၊ ပြန်လည်တင်ပို့ခြင်းနှင့် လွှဲပြောင်းခြင်းများမှလွဲ၍ လိုင်စင်အများစုမှာ အကန့်အသတ်များ ရှိမည်ဖြစ်သည်။

 

Bookmark