လျှပ်စစ်ဓာတ်အား (၁၅၀) ယူနစ် ကင်းလွတ်ခွင့်ကို လာမည့် ဒီဇင်ဘာလကုန်ထိ လစဉ် အခမဲ့ပေးသွားမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ယနေ့ သြဂုတ်လ (၁၉) ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။
ဇူလိုင်လအတွက် (၁) ရက်နေ့မှ (၁၆) ရက်နေ့အထိ ဓာတ်အား (၇၅) ယူနစ်နှင့် ကျန်ရှိသည့် (၁၇) ရက်မှ (၃၁) ထိ (၇၅) ယူနစ် စုစုပေါင်း (၁၅၀) ယူနစ် ကင်းလွတ်ခွင့်ပေးကြောင်းလည်း ြသဂုတ်လ (၁၈) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
သို့သော် ဇူလိုင်လဓာတ်အားခ တောင်းခံရာတွင် (၇၅) ယူနစ်ကိုသာ လျော့ကောက်ခံခဲ့သောကြောင့် ကျန်ရှိသည့် (၇၅) ယူနစ်ကို နောက်လများတွင် ပေါင်း၍ လျှော့ပေါ့ပေးသွားမည် ဖြစ်သည်။
ထို့ကြောင့် လစဥ် သုံးစွဲမည့် လျှစ်စစ်ဓာတ်အား သုံးစွဲမှု (၁) ယူနစ်မှ (၁၅၀) ယူနစ်အထိ သုံးစွဲသူများကို သုံးစွဲသည့်ယူနစ်အလိုက် ကျသင့်ငွေအပြင် မီတာထိန်းသိမ်းစောင့်ရှောက်ခကို ကင်းလွတ်ခွင့် ရရှိသွားမည် ဖြစ်သည်။
(၁၅၀) ယူနစ်အထက် သုံးစွဲသူများအနေဖြင့်မူ ယူနစ် (၁၅၀) အတွက် ကျသင့်ငွေ (၁၁,၅၅၀) ကျပ်သာ ကင်းလွတ်ခွင့် ရရှိမည် ဖြစ်သည်။
အိမ်သုံးလျှပ်စစ်ဓာတ်အား သုံးစွဲသူများမှ (၁၅၁) ယူနစ်နှင့်အထက် သုံးစွဲမှုများအား အလွာလိုက် သတ်မှတ်နှုန်းထားအတိုင်း ပေးဆောင်ရမည် ဖြစ်ပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူများအားလုံးသည်လည်း ယခင်နှုန်းထားများအတိုင်း ပေးဆောင်သွားရမည် ဖြစ်သည်။
COVID-19 ကြောင့် ပြည်သူများ စီးပွားရေးအရ စိတ်ဓာတ်ရေးရာအရ ကျပ်တည်းခြင်းများ ရှိနေခြင်းကြောင့် ထိုသို့ ကင်းလွတ်ခွင့် ထပ်မံခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း အစိုးရမှ ထုတ်ပြန်ထားသည်၊၊