Business Health

ကိုရိုနာကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသူများ ကျန်းမာရေးစောင့်ရှောက်မှု တစ်နှစ်ခံစားခွင့်ရှိ

Read 621 times

Covid-19 ကူးစက်ရောဂါ၏ နောက်ဆက်တွဲဖြစ်ပေါ်လာသည့် စီးပွားရေးဂယက်များကြောင့် လုပ်ငန်းဌာနများ ယာယီပိတ်သိမ်းခြင်း၊ အမြဲတမ်းပိတ်သိမ်းခြင်း၊ အလုပ်သမားလျှော့ချခြင်းများ ဖြစ်ပေါ်လျက် ရှိသည်။

ထို့ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမားများအနေဖြင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၊ နည်းဥပဒေများအရ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်ပါ နည်းဥပဒေ အပိုဒ် ၇၃ နှင့်အညီ အောက်ပါ အကျိုးခံစားခွင့်များကို ရရှိမည် ဖြစ်သည်။

၁။ အလုပ်လက်မဲ့ဖြစ်သည့် နေ့မှစ၍ ကျန်းမာရေးစောင့်ရှောက်မှုကို တစ်နှစ်အထိ ခံယူခွင့်

၂။ အလုပ်လက်မဲ့ဖြစ်သည့် နေ့မှစ၍ ဆေးဖိုးနှင့် ခရီးစရိတ်များကို တစ်နှစ်အထိ ခံစားခွင့် 

( အထက်ပါ အချက်နှစ်ချက်ကို ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ မှတ်ပုံတင်ထားသောအလုပ်ဌာနများမှ အလုပ်ရှင်ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသော အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေးဥပဒေပုဒ်မ ၁၀၀ ကို ကျင့်သုံး၍ လုပ်ငန်းဌာနများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြောင်းလဲလာသည့် လူမှုရေးလိုအပ်ချက်များကို ထောက်ရှု၍ ဥပဒေနှင့်အညီ ဖြေလျော့ကင်းလွတ်ခွင့် ပြုလိုက်ခြင်း ဖြစ်သည်။ )

၃။ အလုပ်လက်မဲ့ကာလအတွင်း မကျန်းမာမှုဖြစ်ပါက ထိုမကျန်းမာမှု ဖြစ်သည့်နေ့မတိုင်မီ နောက်ဆုံး ၆ လအတွင်း ထည့်ဝင်ကြေး ၄ လ ရှိပါက ငွေကြေးအကျိုး ခံစားခွင့်အဖြစ် လုပ်ခလစာ၏ ၆၀ % ကို (၆) လအထိ ခံစားခွင့် 

၄။ အလုပ်လက်မဲ့ကာလအတွင်း မီးဖွားမှုဖြစ်ပေါ်ပါက မီးဖွားခွင့်မစတင်မီ လွန်ခဲ့သော ၁၂ လအတွင်း ၆ လ ထည့်ဝင်ကြေး ပေးသွင်းထားပါက လုပ်ခလစာ၏ ၇၀ % ကို မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်များနှင့် မီးဖွားစရိတ် အပါအဝင် အကျိုးခံစားခွင့် (၇) မျိုး ခံစားခွင့်

၅။  အလုပ်လက်မဲ့ကာလအတွင်း သေဆုံးမှုမဖြစ်မီ နောက်ဆုံး ၃ လ အတွင်း ၂ လ ထည့်ဝင်ကြေး ပေးသွင်းထားခြင်း၊ ကပ်လျက် ၂ လကို ထည့်ဝင်ကြေး မရှိသော်လည်း အလုပ်လက်မဲ့ဖြစ်သူအတွက် ထည့်ဝင်ကြေးပေးသွင်းပြီးသကဲ့သို့ သတ်မှတ်၍ နာရေးစရိတ်ခံစားခွင့်၊ 

၆။ ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးအက်ဥပဒေနှင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ နှစ်ရပ်ပေါင်း ထည့်ဝင်ကြေးကာလ လပေါင်း (၁၈၀) အထက်ရှိပါက အငြိမ်းစားယူသူများ ဆေးကုသမှုဆက်လက်ခံယူခွင့် တို့ကို ရရှိမည် ဖြစ်ကြောင်း သိရသည်။

Su Mon Oo ( Mine )
Ministry of Labour, Immigration and Population

Bookmark