ရန်ကုန် (ပန်းဆိုးတန်း/ဒလ) ကူးတို့ ဆိပ်ကမ်းသည် အနယ်နယ် အရပ်ရပ်မှ ခရီးသွားများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းနှင့် လုပ်သား ပြည်သူများစွာ တို့ကို ရန်ကုန်မြို့သို့ နေ့စဉ် ကူးတို့ပို့ဆောင် ပေးလျက်ရှိသော ဆိပ်ကမ်းတစ်ခု ဖြစ်ပြီး ကိုဗစ် ဖြစ်ပွားနေသည့် ကာလအတွင်းတွင် ခရီးသွားများ ပြန်လည် များပြားလာသည့်အတွက် ခရီးစဥ်တိုးချဲ့မှုများကို ပြန်လည် ပြုလုပ်ခဲ့သည်။
ဆိပ်ကမ်း၌ Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ဧပြီလ၊ နေအိမ်တွင် နေထိုင်ရေး (Stay at Home) ကြေညာထားသည့် အချိန် ကာလအတွင်းမှ စတင်ကာ သင်္ဘော ခရီးစဉ်များကို အသွား (၁၆) ခေါက်၊ အပြန် (၁၆) ခေါက် နှုန်းဖြင့် လျှော့ချ ပြေးဆွဲခဲ့ရာမှ လက်ရှိအချိန်တွင် လုပ်ငန်းခွင်များသို့ သွားရောက်ကြသည့် ခရီးသည်များ များပြားလာသည့်အတွက် သင်္ဘောခရီးစဉ်များကို ပြန်လည်တိုးချဲ့ ဆောင်ရွက်နေခြင်း ဖြစ်သည်။
ထိုသို့ သင်္ဘောခရီးစဉ် ပြန်လည် ပြေးဆွဲမှုများကို နိုဝင်ဘာ (၅) ရက်နေ့မှ ပြန်လည် တိုးချဲ့ ပြေးဆွဲပေးလျက် ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ ပြောကြားချက်အရ သိရှိရသည်။
သီတင်းကျွတ်ပိတ်ရက် မတိုင်မီ အောက်တိုဘာ (၂၆) ရက်နေ့မှ စတင်ကာ ယနေ့အချိန်ထိ တဖြည်းဖြည်း ခရီးသွားလာမှု များလာသည့်အတွက် အသွားအလာများ အဆင်ပြေစေရန် သင်္ဘောခရီးစဉ် ခေါက်ရေတိုး၍ ပြေးဆွဲရခြင်းဖြစ်သည်။
Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်းတွင် နေ့စဉ် ခရီးသည် အသွား၊ အပြန် (၁၄၀၀) ခန့်သာရှိခဲ့ပြီး အောက်တိုဘာလ (၂၆) ရက်နေ့မှစတင်ကာ နေ့စဉ် ခရီးသည် (၆၀၀၀) ခန့် သွားလာလျက် ရှိနေသည် ဖြစ်သည်။
ပန်းဆိုးတန်း - ဒလ ဆိပ်ကမ်း၌ Covid-19 ကူးစက်ရောဂါ မဖြစ်ပွားခင် ကာလများ၌ ယခင်ပုံမှန် ပြေးဆွဲနေသည့် ခရီးစဉ်မှာ အသွား(၄၆)ခေါက်၊ အပြန်(၄၆)ခေါက်နှုန်းဖြင့် ပြေးဆွဲခဲ့ကာ ခရီးသည် (၃၀၀၀၀) ခန့်အား ပုံမှန် ပို့ဆောင်ပေးလျက် ရှိခဲ့သည်ဟု သိရသည်။