Business

ရန်ကုန် - ဒလ ကားကူးဇက် အခေါက်ရေ တိုးချဲ့ပြေးဆွဲမှုကြောင့် ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်လာ

Read 370 times

ရန်ကုန်မြို့ ဝါးတန်းဆိပ်ကမ်းနှင့် တစ်ဖက်ကမ်း ဒလ မြို့နယ်သို့ ဇက်သင်္ဘော ပြေးဆွဲမှုကို ဇန်နဝါရီလ (၅) ရက်နေ့မှ စတင်ကာ ယခင်ပြေးဆွဲမှုထက် ခေါက်ရေနှင့် အချိန်တိုးမြှင့် ပြေးဆွဲလျက်ရှိကြောင်း  ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝ ကျွန်းပေါ်ဌာနခွဲ)မှ ပြောကြားခဲ့သည်။

ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့၊ ကြည့်မြင်တိုင် ငါးဈေး၊ ရွှေပိတောက်ငါးဈေးသို့ ပို့ဆောင်သောယာဉ်များနှင့် ကုန်စိမ်းဈေးသို့ ဝင်ရောက်သောယာဉ်များ ကုန်စည်ပို့ဆောင်မှု ပိုမိုများပြားလာသောကြောင့် ထိုကဲ့သို့ အခေါက်ရေ တိုးမြှင့်ပြေးဆွဲရခြင်း ဖြစ်သည်။

ယခင်က ကိုဗစ်ကာလဖြစ်သောကြောင့် အများဆုံး အခေါက်ရေအဖြစ် (၁၃)ခေါက်သာ ပြေးဆွဲခဲ့ခြင်း ဖြစ်ပြီး ယခုမူ နံနက် (၆း၃၀)နာရီမှ ည (၇း၁၅) နာရီအထိ အချိန်တိုးမြှင့်ကာ အခေါက်ရေကိုလည်း (၁၆)ခေါက်အထိ တိုးမြှင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

တစ်ဖက်ကမ်းမှ ကုန်စည်နှင့် ခရီးသွားယာဉ်များ၊ အိမ်စီးယာဉ်များ ရန်ကုန်မြို့သို့ လာရောက်သည့်အခါ စောင့်ဆိုင်းကြန့်ကြာမှု မရှိစေရန်၊ ရန်ကုန်မြို့မှ ယာဉ်များလည်း တစ်ဖက်ကမ်းသို့ သွားသည့်အခါ စောင့်ဆိုင်းကြန့် ကြာမှု မရှိစေရန် တစ်ရက်ခေါက်ရေ (၁၆) ခေါက် ပြေးဆွဲရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အနေဖြင့် ပြည်သူအများ၏ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှု အဆင်ပြေ ချောမွေ့စေရေးကို အဓိကဦးတည်ချက်ထား ဆောင်ရွက်လျက် ရှိကြောင်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးလှဝင်းနိုင်က ပြောကြားခဲ့သည်။

ကော့မှူး၊ တွံတေး၊ ဒလနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ကုန်စည်များ ရန်ကုန်မြို့သို့ စီးဆင်းရာတွင် ဒလ-ရန်ကုန် ကားကူးဇက်မှာ မြစ်ကူးရေယာဉ်ကဲ့သို့ အရေးပါသောကြောင့် ယခုကဲ့သို့ ခေါက်ရေ တိုးချဲ့ ပြေးဆွဲမှုသည် တိုင်းဒေသကြီးနှစ်ခု၏ ကုန်စည်စီးဆင်းမှုကို အဓိက အထောက်အပံ့ ဖြစ်စေလျက်ရှိကြောင်း သိရသည်။ 

Bookmark