ရန်ကုန်မြို့၏ ညနေခင်း နေဝင်ဆည်းဆာ အလှကို ရှုမြင်ခံစားနိုင်ရန် ရည်ရွယ်၍ ရန်ကုန်မြစ်ကြောင်း တစ်လျှောက်တွင် လာမည့် ဒီဇင်ဘာလ (၂၀) ရက်နေ့မှ စတင်ကာ အပျော်စီး နှစ်ထပ်သင်္ဘောကို စတင် ပြေးဆွဲတော့မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်္ဘောပေါ်တွင် ခရီးသည် (၁၂၀)ဦးထိ တင်ဆောင်နိုင်သော်လည်း ကိုဗစ်ကာလအတွင်း လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များအရ ခရီးသည် (၃၀)ဦးကိုသာ လက်ခံတင်ဆောင်၍ ပြေးဆွဲပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောကြားသည်။
အပျော်စီးသင်္ဘောအား စမ်းသပ်ပြေးဆွဲသည့် အနေဖြင့် ဒီဇင်ဘာလ (၂၀) ရက်၊ ညနေ (၄)နာရီတွင် ရန်ကုန်မြို့ ပန်းဆိုးတန်း ဆိပ်ကမ်းအနီးရှိ ကျန်းမာရေး ဆိပ်ကမ်းမှ စတင်ထွက်ခွာကာ စမ်းသပ်မောင်းနှင်မည် ဖြစ်ပြီး ဖွင့်ပွဲ၏ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများအား တင်ဆောင်၍ ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။
ခရီးသည်များအတွက်မူ လာမည့် ဒီဇင်ဘာ ၂၅ ရက်၊ (ခရစ္စမတ်နေ့) ညနေပိုင်းတွင် ခရီးစဉ် စတင်ပြေးဆွဲ မည်ဖြစ်ပြီး ဒီဇင်ဘာ (၂၆) ရက်နှင့် (၂၇) ရက် ညနေပိုင်းတွင်လည်း ခရီးစဉ်များ ပြေးဆွဲပေးရန် လျာထားကြောင်း ပြောကြားချက်အရ သိရသည်။
ထို့ပြင် ယခုကာလအတွင်း ခရီးသွားပြည်သူများမှ အပျော်စီးသင်္ဘော ပြေးဆွဲရန် တောင်းဆိုချက်များ ရှိလာပါကလည်း ခရီးသည် ရှိသလောက် အပတ်စဉ် စနေနှင့် တနင်္ဂနွေရက်များတွင် ဆက်လက်ပြေးဆွဲပေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုင်ခုံလက်မှတ်နှုန်းထားမှာ တစ်ဦးလျှင် ငွေကျပ် (၁)သောင်းခွဲခန့် ကောက်ယူရန် အကြမ်းဖျဉ်း လျာထားသော်လည်း လက်မှတ်နှုန်းထား အတိအကျကိုမူ ဒီဇင်ဘာ (၂၁) ရက်တွင် အများပြည်သူထိ အသိပေး ကြေညာပေးသွားမှာ ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
အပျော်စီးသင်္ဘော လက်မှတ်ဝယ်ယူရမည့် ကောင်တာမှာ ညနေ (၃း၃၀) မိနစ်တွင် ပိတ်မည်ဖြစ်ပြီး စီးနင်းမည့် ခရီးသည်များမှာ ညနေ (၃း၄၅) မိနစ်တွင် သင်္ဘောပေါ်သို့ တက်ရောက်ရမည် ဖြစ်ကာ ညနေ(၄း၀၀)နာရီ အချိန်တွင်မူ ကျန်းမာရေး ဆိပ်ကမ်းမှ စတင်ထွက်ခွာမည် ဖြစ်သည်။
ပြေးဆွဲသွားမည့် ခရီးစဉ် လမ်းကြောင်းမှာ ရန်ကုန်မြစ်တွင်းမှ ထွက်ကာ ဗိုလ်တထောင်ဘုရား အနီးတစ်ဝိုက်၊ ထိုမှ တစ်ဆင့် သန်လျက်စွန်းသို့ ပြေးဆွဲ၍ သန်လျက် စွန်းမှ ပြန်ကွေ့ကာ ရန်ကုန်မြစ်အတိုင်း တောက်လျှောက် ပြေးဆွဲမည် ဖြစ်သည်။
ယင်းနောက် တွံတေးမြစ်ဝရှိ မြစ်သုံးစင်း ဆုံရာနေရာသို့ ဆက်လက်ပြေးဆွဲကာ ထိုမှတစ်ဆင့် ကြည့်မြင်တိုင် ကမ်းနားလမ်းတောက်လျှောက် ဘုရင့်နောင်တံတားအနီးထိ ပြေးဆွဲ၍ ကျန်းမာရေးဆိပ်ကမ်းသို့ ပြန်လည် မောင်းနှင် ရောက်ရှိလာမည် ဖြစ်ပေသည်။
ညနေ (၄)နာရီတွင် စတင် ပြေးဆွဲမည် ဖြစ်သောကြောင့် ရန်ကုန်မြစ်၏ ညနေဆည်းဆာ အလှကို တမေ့တမော ကြည့်ရှုခံစားနိုင်မည် ဖြစ်ပြီး အပြန်ခရီးစဉ်သည် ညဦးပိုင်း ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ပြအား သက်ဝင်ပန်းချီကားကဲ့သို့ ငေးမောခံစားနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။