ရန်ကုန်တိုင်းဒေသကြီး အစိုးရလမ်းညွှန်မှုဖြင့် (Stay at Home) ကာလအတွင်း ဖွင့်လှစ်ရန် ခွင့်ပြုထားသော လုပ်ငန်းများမှ ဝန်ထမ်းများ မြို့နယ်ဖြတ်ကျော်ရာတွင် အထောက်အထားအဖြစ် ပြနိုင်မည့် QR Pass အစီအစဉ်ကို အောက်တိုဘာလ (၁၂) ရက်နေ့မှ စတင်ကာ ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ Online မှ အလွယ်တကူ မှတ်ပုံတင်နိုင်သော QR Pass အစီအစဉ်ကို စက်တင်ဘာလ (၂၅) ရက်နေ့ စတင်ခဲ့ပြီး ခွင့်ပြုထားသောလုပ်ငန်းများနှင့် အကျုံးဝင်ခြင်းမရှိသော လုပ်ငန်းများမှ အလုပ်သမားများ လုပ်ခလစာ ပေးနိုင်ရေးအတွက်လည်း Payroll Processing QR Pass အစီအစဉ်ကို အောက်တိုဘာလ (၄)ရက်နေ့တွင် ထပ်မံ ခွင့်ပြုပေးခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းများနှင့် ပတ်သက်သည့် အမိန့်ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။ ၎င်းထုတ်ပြန်ချက်အရ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အဆင့် (A) ရရှိအောင် လုပ်ငန်းများသည် (၁၂) ရက်နေ့မှစတင်၍ ပြန်လည် လည်ပတ်ခွင့် ရရှိမည်ဖြစ်ပါသည်။
ထို့ကြောင့် လက်ရှိတွင် ပြုလုပ်လျက်ရှိသော QR Pass စနစ်တွင် လုပ်ငန်းများ အသစ်ထပ်မံမှတ်ပုံတင်ခြင်းကို ရပ်ဆိုင်းမည် ဖြစ်ပါသည်။ သို့ရာတွင် QR Pass လက်ဝယ်ရှိထားပြီး သူများအနေဖြင့်တော့ မြို့နယ်ဖြတ်ကျော် သွားလာရာတွင် ဆက်လက်အသုံးပြုနိုင်ပါသည်။
Stay at Home ကာလအတွင်း ဖွင့်လှစ်ခွင့်ရရှိသည့် စက်ရုံ၊ အလုပ်ရုံများ၊ ကုမ္ပဏီများ၊ လုပ်ငန်းများ အားလုံးအတွက် အကျုံးဝင်သော လုပ်ငန်းခွင်သွားလာရာတွင် အသုံးပြုနိုင်မည့် စနစ်တစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ မကြာမီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း UMFCCI က ထုတ်ပြန်ထားသည်။
Source : UMFCC