By Aung Myo Hein
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(၄) တံတားအထူးအဖွဲ့ (၁၆) က တာဝန်ယူတည်ဆောက်ခဲ့သည့် ပုသိမ်အမှတ် (၂) တံတားသစ်ကြီး တည်ဆောက်မှုလုပ်ငန်းများမှာ ဇူလိုင်လကုန်က ရာနှုန်းပြည့်ပြီးစီးသွားပြီ ဖြစ်သောကြောင့် အများပြည်သူအသုံးပြုနိုင်ရန် စက်တင်ဘာလ တွင် ဖွင့်လှစ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။
ပြီးစီးသွားသည့် ပုသိမ်တံတား အမှတ် (၂) သည် ပုသိမ်မြို့ မဟာဗန္ဓုလလမ်းနှင့် ငဝန်မြစ်အနောက်ဘက်ရှိ လူနေရပ်ကွက်များသို့ ဆက်သွယ်ထားသော တံတားတစ်စင်းဖြစ်သည်။ လက်ရှိပုသိမ်ကြိုးတံတားမှာ ခံနိုင်ဝန်လျော့နည်းလာပြီး ပုသိမ်မြို့၏ လူဦးရေများပြားလာခြင်းကြောင့် တံတားအသစ်ကိုတည်ဆောက်ခဲ့ခြင်းလည်းဖြစ်သည်။
တံတားအရှည်မှာ စုစုပေါင်း ၇၂၅ ဒသမ ၅ မီတာ (၂၃၈၀ ပေ) ၊ ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာ(၂၈ ပေ) နှင့် တစ်ဘက်လျင် ၁ ဒသမ ၅ မီတာ (၅ ပေ)ကျယ်သည့် လူသွားလမ်းပါဝင်ပြီး ချောင်းသာ၊ ငွေဆောင် ကမ်းခြေများ အပါအဝင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် ကမ်းခြေပတ်လမ်းများကို ကူးသန်းသွားလာနိုင်မည်လည်းဖြစ်သည်။
တံတားကိုယ်ထည်မှာ RC ကွန်ကရစ်ဖြစ်ပြီး တံတားအပေါ်ထည်မှာ သံမဏိသံပေါင် ခုံးတံတားဖြစ်သည်။
ဤ ပုသိမ်တံတား အမှတ် (၂) ကို နိုင်ငံတကာတွင် အသုံးပြုမှုများပြားလာသည့် ပုံစံဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ကျပ်သန်းပေါင်း (၂၈.၅) ဘီလီယံအသုံးပြု၍ တည်ဆောက်ခဲ့ ခြင်းဖြစ်သည်။