စက်တင်ဘာလ (၂၁) ရက်တွင် ပန်းဘဲတန်းမြို့နယ် ၊ အမှတ်(၂)ရပ်ကွက် (၂၆)လမ်းပျံကျစျေးအတွင်းရှိ အဆောင်နေအိမ်၌ ကိုဗစ်လူနာပိုးရှိသူ (၂၂) ယောက်တွေ့ရှိခဲ့သည်။ ထို့အပြင် အောက်တိုဘာလ (၄)ရက်နေ့တွင် မဟာသိမ်တော်ကြီး ပရိယတ္တိ စာသင်တိုက်မှ သံဃာတော်(၇၆)ပါးနှင့် ကပ္ပိယ (၁၄)ဦး မှာလည်း ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။
ထို့ကြောင့် သိမ်တော်ကြီး စာသင်တိုက်နှင့် ကပ်လျက်ရှိသော (၂၆)လမ်းပျံကျဈေးသည် ကိုဗစ်-၁၉ရောဂါ ကူးစက်လွယ်သောနေရာဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ ထို့အတွက်ကြောင့် ပန်းဘဲတန်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးပြုလုပ်ခဲ့သည်။
အစည်အဝေး၏ ဆုံးဖြတ်ချက်အရ ပန်းဘဲတန်း (၂၆) လမ်းစျေးအား အောက်တိုဘာလ (၆)ရက်နေ့မှ စတင်ပြီး ယာယီ ပိတ်ထားရန်အတွက် မြို့နယ် စည်ပင်သာယာရေးမှ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်
ကျန်းမာရေးဝန်ကြီးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၂၃) ရက်နေ့မှ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၈,၇၈၁) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၅,၅၄၈) ဦး နှင့် သေဆုံးလူနာ (၄၄၄) ဦးထိ ရှိလာပြီ ဖြစ်သည်။