လူတစ်ယောက်ကောင်းမွန်စွာ နေထိုင်နိုင်ရေးအတွက်က လုံလောက်တဲ့ အောက်စီဂျင်ပမဏရရှိနေဖို့လိုအပ်ပါတယ်။ အခုချိန်မှာ ကိုဗစ်တတိယလှိုင်းကလည်း ဆိုးဆိုးရွားရွား ကူးစက်နေပါတယ်။ ကိုဗစ်ရောဂါကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဒုက္ခကောင်းကောင်းကြီး ပေးနိုင်ပါတယ်။
များသောအားဖြင့် ကိုဗစ်ရောဂါကြီးပဲ ကူးစက်ခံရတဲ့ လူနာဟာ ပြန်ကောင်းမွန်လာဖို့ ရာခိုင်နှုန်းပိုများပါတယ်။ ဒါပေမယ့်လည်း လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကိုယ်ခံအားစနစ်က မတူညီတဲ့အတွက် မဖြစ်ခင်ဂရုစိုက်တာက ပိုကောင်းပါတယ်။ ရောဂါအခံရှိတဲ့ သူတစ်ယောက်အနေနဲ့ကတော့ ကိုဗစ်ရောဂါကူးစက်မှုမခံရအောင် သေချာဂရုစိုက်နေသင့်ပါတယ်။
ကျွန်တော်တို့ အသက်ရှူလိုက်တဲ့အခါ လေထဲမှာပါတဲ့ အောက်စီဂျင်ဓါတ်ငွေ့ဟာ နှာခေါင်းနဲ့ ပါးစပ်ကိုဖြတ်ပြီး အဆုတ်ကိုရောက်ပါတယ်။ အဆုတ်လေအိပ်ကလေးတွေထဲကိုရောက်လာတဲ့ အောက်စီဂျင်တွေဟာ အဆုတ်ထဲ ကဆံချည်မျှင်သွေးကြောတွေထဲကိုစိမ့်ဝင်လာပါတယ်။
သွေးကြောထဲရောက်တဲ့အခါ အောက်စီဂျင်ကို သွေးနီဥလေးတွေက သယ်ဆောင်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးဆီကို သယ်ဆောင်သွားပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးမှာရှိတဲ့ ဆဲလ်လို့ခေါ်တဲ့ ကလပ်စည်းတိုင်းဟာ အလုပ်လုပ်နိုင်ဖို့ ၊ ကျန်းမာရှင်သန်နိုင်ဖို့အတွက် အောက်စီဂျင်အလုံအလောက်ရရှိဖို့ လိုအပ်ပါတယ်။ အောက်စီဂျင်ရှိမှ ကလပ်စည်းတွေဟာ စွမ်းအင်ထုတ်လုပ်နိုင်ပြီး ရှင်သန်နိုင်ပါတယ်။
လူတစ်ဦးရဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏဟာ အဆုတ်ကနေ ခန္ဓာကိုယ်ရဲ့ ဆဲလ် (ကလပ်စည်း) တွေဆီကို အောက်စီဂျင်ကို ဘယ်လောက်ဖြန့်ဝေနေတယ်ဆိုတာကိုညွှန်ပြတဲ့ အရာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက်အရေးကြီးပါတယ်။
နောက်ပြီး လူတစ်ယောက်အနေနဲ့ အောက်စီဂျင်ရရှိမှု အနည်းအများကို Oxymeter နဲ့တိုင်းတာနိုင်ပါတယ်။ သို့သော် လက်ရှိဖြစ်နေတဲ့ အနေအထားတွေကြောင့် လူတိုင်း Oxymeter ရရှိဖို့ဆိုတာ တကယ်မလွယ်ကူပါဘူး။
အောက်စီဂျင်နည်းတယ်ဆိုတာက သွေးတွင်းအောက်စီဂျင်ပမာဏ ပုံမှန်ထက်လျော့နည်းခြင်းကို ဆိုလိုပါတယ်။ ပုံမှန်သွေးလွှတ်ကြောတွင်း အောက်စီဂျင် (75-100) mmHg ရှိနေသင့်ပါတယ်။ အကယ်၍ 60 mmHg အောက်ရောက်နေပြီဆိုရင် သင်က အောက်စီဂျင်နည်းနေပြီး အောက်စီဂျင်ရှုရန် လိုအပ်နိုင်ပါတယ်။
အောက်စီဂျင်နည်းခြင်းရဲ့ လက္ခဏာတွေက တစ်ဦးနဲ့ တစ်ဦး မတူညီပါဘူး။ အဖြစ်များဆုံးလက္ခဏာများကတော့...
အသက်ရှုမဝခြင်း၊ အသက်ရှုမြန်ခြင်း၊ ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ မောခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ စိတ်ထွေပြားခြင်း၊ မှိန်းခြင်း၊ သတိလစ်ခြင်း၊ အရေပြားအရောင်ပြောင်းခြင်း၊ ဂဏာမငြိမ်ခြင်း၊ ချွေးထွက်ခြင်း စတာတွေဖြစ်ပေါ်တတ်ပါတယ်။
ကိုဗစ်ကလည်း အဆုတ်ယောင်တာပြင်းထန်လာလို့ရှိရင် သွေးထဲမှာ အောက်စီဂျင်ကျလာပါတယ်။ ဒါက ရောဂါလက္ခဏာစပြပြီး ၅ ရက်ကနေ ၇ ရက်လောက်မှာစဖြစ်လာတတ်ပါတယ်။ ဆယ်ရက် ပတ်ဝန်းကျင်လောက်မှာ အပြင်းထန်ဆုံး ဖြစ်တတ်ပါတယ်။
ပုံမှန်ဆိုရင် အောက်စီဂျင်ကျလာတဲ့အခါ လူက မောလာပါတယ်။ အသက်ရှူမဝဖြစ်လာပါတယ်။
အများစုမှာဒီလို ဖြစ်လာတတ်ပါတယ်။ မောလာတယ်၊ အောက်စီဂျင်ကျလာတယ်ဆိုရင် လိုအပ်တဲ့ကုသမှုတွေ ဆက်လုပ်နိုင်ပါတယ်။
ဒါပေမယ့် လူနာဆယ်ယောက်မှာ နှစ်ယောက်သုံးယောက်လောက်က အောက်စီဂျင်ကျပေမယ့် မမောဘဲ ဘာလက္ခဏာမှမပြဘဲ ရှိနေနိုင်ပါတယ်။ ဒါကို အသံတိတ်အောက်စီဂျင်ကျခြင်း (Silent hypoxia) လို့ ခေါ်ပါတယ်။ Happy hypoxia လို့လည်း တင်စားပြီး ခေါ်ကြပါတယ်။
လူနာတွေမှာ ဒီလို မမောဘဲ အောက်စီဂျင်ကျတဲ့ happy hypoxia ဖြစ်နိုင်ခြေရှိမရှိ ကြိုတင်သိရှိနိုင်တဲ့ ဝိသေသလက္ခဏာတွေ၊ စံသတ်မှတ်ချက်တွေတော့ မရှိပါဘူး။ မမောဘဲ ၊ လက္ခဏာမပြဘဲနေနိုင်နေတဲ့အတွက် အောက်စီဂျင် အရမ်းထိုးကျပြီး အန္တရာယ်ဖြစ်ပေါ်နိုင်ပါတယ်။ ဆေးရုံကို နောက်ကျပြီးမှ ရောက်တာတွေ ဖြစ်နိုင်တဲ့အတွက် Happy Hypoxia က ကြောက်စရာကောင်းပါတယ်။
လူနာကို Oxymeter နဲ့တိုင်းလို့ ထွက်လာတဲ့ အဖြေက ပုံမှန် (94) နဲ့ (99) ကြားမှာရှိသင့်ပါတယ်။ တကယ်လို့ Oxymeter က ထွက်လာတဲ့ အဖြေဟာ (94) အောက်ကျနေပြီဆိုရင် စိုးရိမ်အနေအထားပါ။ ဒါဆို လူနာကို အောက်စီဂျင်ပေးဖို့ လိုအပ်လာပါပြီ။
Oxymeter မှ (94) အောက်ရောက်တဲ့ အဖြေဂဏန်းကို (94) ထဲက နုတ်ပြီး (4) နဲ့စားပါ။
4 နဲ့စားလို့ အကြွင်းပျက်သွားရင် စားလဒ်ဂဏန်းအတိုင်း လူနာကို အောက်စီဂျင် အမှတ်ချိန်ပြီး လွှတ်ပေးရပါမယ်။ စားလို့မပျက်ပဲ အကြွင်းတခုခု ကြွင်းပါက စားလဒ်ဂဏန်းကို (1) ပေါင်းပြီး လူနာကို Oxygen အမှတ်ချိန်ပေးပါ။
ဥပမာ(၁) - လူနာကို Oxymeter နဲ့တိုင်းလိုက်လို့ အဖြေက (82) ထွက်တယ်ထားပါတော့။ အဆိုပါ (82) ကို (94) ထဲကနုတ်ရင် (12) ဖြစ်ပါတယ်။ အဲ့ (12) ကို (4) နဲ့စားပါက စားလဒ်ဟာ (3) ဖြစ်ပြီး အကြွင်း (0) ကြွင်း၍ အကြွင်းပျက်သွားတာကြောင့် လူနာကို အောက်ဆီဂျင်ပေးတဲ့အခါ စားလဒ် (3) အတိုင်းပဲ (3) မှတ်ပေးရမှာပါ။ Oxygen အိုးရဲ့ flow meter မှာ (3) မှတ်အနေအထားချိန်ပြီးမှ လူနာကို အောက်စီဂျင်ပိုက်တပ်ပေးပါ။
ဥပမာ(၂) - Oxymeter နဲ့တိုင်းလိုက်လို့ အဖြေဟာ (80) ထွက်ပါက အဆိုပါ (80) ကို (94) ထဲကနုတ်ရင် (14) ဖြစ်လို့ (14) ကို (4) နဲ့စားပါက စားလဒ်ဟာ (3) ဖြစ်ပြီး
(2) ကြွင်းတာကြောင့် စားလဒ် (3) ကို (1) ပြီး လူနာကို အောက်ဆီဂျင် ပေးတဲ့အခါ အောက်စီဂျင်အိုးရဲ့ Flow meter မှာ (4) မှတ် အနေအထားချိန်ပြီးမှ လူနာကို အောက်စီဂျင်ပိုက်တပ်ပေးပါ။
အကယ်၍ Oxymeter ရဲ့အဖြေဟာ (91/92/93) ဖြစ်နေပါက အောက်စီဂျင်ပေးမယ်ဆိုပါက အောက်စီဂျင်အိုးရဲ့ Flow meter မှာ (2) မှတ် အနေအထားချိန်ပြီး ပေးနိုင်ပါတယ်။
နောက်ပြီ အောက်စီဂျင်ဆိုတာက တခြား Gas တွေထက် အန္တရာယ်များတာကြောင့် ဆောင်ရန်ရှောင်ရန်တွေကိုလည်း သိထားသင့်ပါတယ်။
(1) အောက်စီဂျင်အိုးနားမှာ ဆေးလိပ်မသောက်ရပါဘူး။ အောက်ဆီဂျင်ဟာ ကိုယ်တိုင်မီးမလောင်နိုင်ပါဘူး။ ဒါပေမယ့် မီးလောင်ခြင်းကို အားပေးပါတယ်။ ဒါကြောင့် မီးဖိုဘေး၊ မီးနဲ့ပတ်သက်တဲ့ နေရာတွေနဲ့ ဝေးဝေးထားပေးရပါမယ်။
(2) ပူစေတဲ့အရာတွေနဲ့ အနည်းဆုံး (၅) ပေအကွာမှာ ထားရပါမယ်။ ပူစေတဲ့အရာတွေထဲမှာ ဓာတ်ငွေ့မီးဖို၊ ဖယောင်းတိုင်၊ မီးထွန်းရန်မီးနဲ့ လျှပ်စစ် သို့မဟုတ် ဓာတ်ငွေ့အပူပေးစက် စတာတွေ ပါဝင်ပါတယ်။ မီးပျက်လို့ဆိုပြီး အောက်စီဂျင်အိုးပေါ်မှာ ဖယောင်းတိုင်ထွန်းတာမျိုး လုံးဝ လုံးဝမလုပ်ရပါဘူး။
(3) လေဖြည့်ထားတဲ့ အောက်ဆီဂျင်အိုးဟာ အတွင်းထဲမှာ လေပေါင် Pressure 1800 psi ရှိတာမို့ လေရှိနေတဲ့အိုးတွေကို ထုရိုက်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်းပစ်ချခြင်းမျိုးကို ရှောင်ကြဉ်ရပါမယ်။ အောက်ဆီဂျင်အိုးကို လဲကျခြင်းမဖြစ်အောင် ခိုင်မာတဲ့ တစ်ခုခုမှာ ချည်နှောင်ထားရပါမယ်။
(4) အရေးအကြီးဆုံးကတော့ အောက်ဆီဂျင်အိုးတွေဟာ ဆီမှန်သမျှကြောက်ပါတယ်။ ဓါတ်ဆီ၊ ဒီဇယ်၊ စားဆီ၊ ခေါင်းလိမ်းဆီ စသည်များနှင့် လုံးဝမထိမိအောင်ထားစေချင်ပါတယ်။ လှည့်တဲ့ ဝှီးဘားလေးကြပ်နေလို့ ဆီလေးထည့်လိုက်မယ်ဆိုတာမျိုးတွေ လုံးဝလုံးဝ မလုပ်မိပါစေနဲ့။ filling လုပ်တဲ့အချိန်ပေါက်ကွဲစေတတ်ပါတယ်။
ဒါ့ကြောင့် အိမ်မှာ အောက်စီဂျင်အိုးရှိပါက ပေါ့ပေါ့ပျက်ပျက် မနေဘဲ သတိကြီးကြီးနဲ့ ဂရုတစိုက်ကိုင်တွယ်သင့်ပါတယ်။ နောက်ပြီး ရန်ကုန်မြို့မှာ အောက်ဆီဂျင်အိုးရနိုင်မယ့် နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။