by Win May May Htay
ယောက်ျားလေး တော်တော်များများက အဝတ်အစားနဲ့ ပတ်သက်ရင် ချေးများလေ့ မရှိကြပါဘူး။ ယောက်ျားလေးတစ်ယောက် ဖက်ရှင်ကျပြီး ကြည့်ကောင်းနေဖို့အတွက် Accessory တွေ အများကြီး မလိုအပ်ပေမယ့်လည်း ဖြစ်ကတတ်ဆန်း ဝတ်တဲ့အခါ တစ်ဖက်လူအနေနဲ့ မြင်ရတာ အဆင်မပြေနိုင်တဲ့အပြင် ကိုယ့်လက်အောက်ငယ်သားတွေ ရှိရင်လည်း သူတို့က ကိုယ့်ကို အရိုအသေတန်နိုင်ပါတယ်။
ဒါဆိုရင် ယောက်ျားလေးတွေအနေနဲ့ ဘယ်လိုအဝတ်အစားတွေကို ရှောင်သင့်လဲဆိုတာကို အောက်မှာ ဆက်ပြီး လေ့လာလိုက်ရအောင်နော်။
၁။ ကွင်းထိုးဖိနပ်နဲ့ ခြေအိတ် တွဲမဝတ်ပါနဲ့။
(၂၀၁၇/၂၀၁၈) မှာတော့ ဒီ Design က လူငယ်တော်တော်များများမှာ ရေပန်းစားခဲ့တဲ့ Trend တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ခေတ်ရေစီးကြောင်းတွေ ပြောင်းလာတာနဲ့အညီ ဒီဖက်ရှင်ဟာ အင်မတန် ရုပ်ဆိုးတဲ့ ဖက်ရှင်တစ်ခုအဖြစ် မြင်လာကြပါပြီ။
၂။ Cargo Pant တွေ မဝတ်ပါနဲ့။
အိတ်ပွပွကြီးတွေ ပါတတ်တဲ့ Cargo ဘောင်းဘီတွေဟာ တောင်တက်တာတွေ၊ ခရီးကြမ်းသွားတဲ့အခါ လမ်းမှာ လိုအပ်တာတွေအတွက် ထည့်သွားလို့ရအောင် သီးသန့်ထုတ်ထားတဲ့ ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင် မြို့ထဲလို နေရာမျိုးကို သွားရင် ဒီဘောင်းဘီကို လုံးဝမဝတ်သင့်ပါဘူးနော်။
၃။ Pointy နဲ့ Square Toe ဖိနပ်တွေကို ရှောင်ပါ။
Pointy Shoes ဆိုတာကတော့ ဆပ်ကပ်ပွဲမှာ ဂျိုကာတွေ စီးလေ့ရှိတဲ့ ဖိနပ်ထိပ်ပိုင်းမှာ ချွန်ပြီးကော့ထွက်နေတဲ့ ဖိနပ်တွေကို ခေါ်တာပါ။ Square Toe Shoe တွေကတော့ ထိပ်မှာ လေးထောင့်ပုံစံ ဖြစ်နေတဲ့ ဖိနပ်တွေကို ခေါ်တာပါ။ ဒီလိုဖိနပ်တွေက Fashion Blogger တော်တော်များများ ရှောင်လေ့ရှိကြတဲ့ ဖိနပ်တွေဖြစ်ပါတယ်။
၄။ လည်သာ (သို့) Dress Shoe တွေနဲ့ ခြေအိတ် အဖြူပြောင်ကို တွဲမဝတ်ပါနဲ့။
ခြေအိတ်အဖြူတွေက အားကစားအတွက် သီးသန့် ထုတ်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ခြေအိတ်အဖြူတွေကို Sport Shoes တွေနဲ့သာ တွဲဖက်ဝတ်ဆင်သင့်ပြီး လည်သာ၊ Dress Shoe တွေနဲ့ လုံးဝ မဝတ်ဆင်သင့်ပါဘူးနော်။
၅။ ရှပ်အကွက်နဲ့ ပုဆိုးကို လုံးဝ တွဲမဝတ်ပါနဲ့။
ပုဆိုးအများစုက အကွက်အဆင်တွေ ပါဝင်တဲ့အတွက် ရှပ်အင်္ကျီအကွက်နဲ့ တွဲဖက်ဝတ်ဆင်လိုက်တဲ့အခါ မြင်ရသူအဖို့ မျက်စိရှုပ်စရာ ဖြစ်တတ်ပါတယ်။ ဒီတော့ ပုဆိုးနဲ့ ရှပ်ကို တွဲဖက်ဝတ်ဆင်ချင်တယ်ဆိုရင် ရှပ်အကွက်အစား ပလိန်းရှပ်ကိုသာ ဝတ်ဆင်သင့်ပါတယ်။
၆။ စတစ်ကာတွေ ပါတဲ့ တီရှပ်တွေကို ရှောင်ပါ။
လူငယ်အများစုက တီရှပ်ဝတ်ဆင်တဲ့အခါ ဟာသတွေ၊ Memes တွေ၊ ရောင်စုံ Slogan တွေနဲ့ စတစ်ကာတွေ ပါဝင်တဲ့ တီရှပ်တွေကို ဝတ်ဆင်လေ့ရှိကြပါတယ်။ ဒီလိုတီရှပ်တွေက အိမ်နေရင်းပေါ့ပေါ့ပါးပါး ဝတ်တာကလွဲလို့ အပြင်မှာ ဝတ်တဲ့အခါ ကလေးဆန်စေတာမျိုး ဒီလိုတီရှပ်တွေထက် ပြောင်တီရှပ်တွေကို ဝတ်ဆင်တာက အကောင်းဆုံးပါပဲ။
၇။ အရောင်အရမ်းတောက်တဲ့ အဝတ်အစားတွေကို ရှောင်ပါ။
ကာလာတောက်တောက် အဝတ်အစားတွေက ကိုယ့်ကိုမြင်ရသူတွေအဖို့ မျက်စိနောက်စရာ အလွန်ကောင်းလှပါတယ်။ ကိုယ်က အရေးကြီးတဲ့ တွေ့ဆုံမှုတွေကို သွားမယ်ဆိုရင် အရောင်တောက်တဲ့ အဝတ်အစားတွေထက် တည်ငြိမ်ပြီး မျက်စိအေးစေတဲ့ အရောင်တွေကိုသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။
၈။ ခါးပတ်ခေါင်း အကြီးကြီးတွေ ဝတ်ဆင်တာကို ရှောင်ပါ။
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကျော်လောက်ထဲက ခေတ်စားခဲ့တဲ့ တိရိစ္ဆာန်ခေါင်းပုံပါ ခါးပတ်ခေါင်း အကြီးကြီးတွေ၊ ကျောက်ရောင်စုံ စီထားတဲ့ ခါးပတ်အကြီးတွေ၊ အရိုးခေါင်းပုံ၊ လေးထောင့်ပုံ၊ အဝိုင်းပုံပါဝင်တဲ့ ခါးပတ်ခေါင်း အကြီးတွေကို အခုချိန်မှာ လုံးဝမဝတ်ဆင်သင့်တော့ပါဘူးနော်။
၉။ Pattern အရမ်းများတဲ့ ဘောင်းဘီတွေကို ရှောင်ပါ။
ဘောင်းဘီရွေးချယ်ဝယ်ယူတဲ့အခါ အရမ်းပွလွန်းတဲ့ ဂျင်းဘောင်းဘီတွေ၊ အရမ်းကြပ်လွန်းတဲ့ Skiny ဘောင်းဘီတွေ၊ ဘောင်းဘီရဲ့ နောက်ပိုင်းမှာ ကနုတ်ပန်းထိုးထားတဲ့ ဒီဇိုင်းတွေနဲ့ ဘောင်းဘီတစ်ပြင်လုံးမှာ အရုပ် Pattern တွေ ပြည့်နေတဲ့ ဘောင်းဘီမျိုးတွေကို လုံးဝ ဝတ်ဆင်ဖို့ မသင့်ပါဘူးနော်။
အခုဖော်ပြထားသွားတဲ့ အဝတ်အစားဒီဇိုင်းတွေထဲမှာ ယောက်ျားလေးတစ်ချို့ အရမ်းကြိုက်တဲ့ ဒီဇိုင်းတွေ ပါကောင်းပါနိုင်ပါတယ်။ ဒါပေမယ့် ဒီအဝတ်အစားတွေကို ကုမ္ပဏီဒင်နာတွေ၊ ပါတီပွဲတွေနဲ့ ကိုယ့်အတွက် အရေးကြီးတဲ့ တွေ့ဆုံပွဲတွေမှာ လုံးဝ ဝတ်ဆင်ဖို့ မသင့်ပါဘူး။
အထူးသဖြင့် ကိုယ့်ကောင်မလေးနဲ့ ဒိတ်တဲ့အခါ ဒီလိုအဝတ်အစားမျိုးကို လုံးဝ ရှောင်သင့်ပါတယ်။ ဒီလိုအဝတ်အစားတွေကို အိမ်နေရင်း ပေါ့ပေါ့ပါးပါး (ဒါမှမဟုတ်) အရေးမကြီးတဲ့ နေရာတွေကို သွားမှသာ ဝတ်ဆင်ကြဖို့ အကြံပြုလိုက်ရပါတယ်။
Ref : www.realmenrealstyle.com