Yangon Trend

မြန်မာ့ပထမဆုံးပုဂ္ဂလိက ရှေးဟောင်းသမိုင်းဝင်ပြတိုက်ကို ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်

Read 1004 times

မြန်မာနိုင်ငံဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်တွေနဲ့ နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်ပြီး အမြဲစည်ကားလျက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကိုဗစ် ကူးစက်ရောဂါကြောင့် ပြည်တွင်းပြည်ပ ခရီးသွားလာမှုတွေကို ရပ်တန့်ထားရပေမယ့် ကိုဗစ်အေးကာလမှာတော့ ပြည်တွင်းသွားလာခွင့်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စည်းကမ်းချက်တွေနဲ့ အညီခွင့်ပြုထားပါတယ်။

Image may contain: indoor

သို့သော်လည်း ကိုဗစ်အလွန်မှာ မြန်မာနိုင်ငံအနေနဲ့ ခရီးသွားလုပ်ငန်းတွေ လည်ပတ်တဲ့အခါ အဆင်ပြေချောမွေ့စေရေးအတွက် ပြင်ဆင်မှုတွေရှိနေပါတယ်။‌ နောက်ပြီး အာရှအကြီးဆုံးပြတိုက်အဖြစ် ရည်မှန်းထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိကရှေးဟောင်းပြတိုက် ဇေကမ္ဘာ Museum ကို ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Image may contain: indoor

ဇေကမ္ဘာပြတိုက်မှာ ပြသမယ့် ရှေးဟောင်းပစ္စည်းတွေက ကမ္ဘာ့ရှားပါးပစ္စည်းတွေဖြစ်ပြီး သမိုင်းဝင်တန်ဖိုးကြီးမားတဲ့ အပြင် အမျိုးအမည်တွေကလည်း အလွန်များပြားပါတယ်။ ဒါ့ကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ စစ်ဆေးမှုခံယူကာ မှတ်ပုံတင်ထားပြီးဖြစ်ပါတယ်။

Image may contain: one or more people, shoes and indoor

ပုဂ္ဂလိကရှေးဟောင်းပြတိုက် ဇေကမ္ဘာ Museum ကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံ ဂေါက်ကွင်းရှေ့ မြေ ၅ ဧကပေါ်မှာ စတုရန်းပေ (၁၆၀,၀၀၀) ကျယ်ဝန်းတဲ့ လေးထပ်အဆောက်အအုံအဖြစ် ကန်ဒေါ်လာ (၁၀) သန်းခန့် သုံးစွဲပြီး တည်ဆောက်နေပါတယ်။

Image may contain: one or more people and indoor

ပြတိုက်အတွင်းမှာ ကုန်းနေရေနေ သတ္တဝါတွေရဲ့ မေးရိုး၊ သွား၊ ဦးခေါင်းခွံ၊ ခြေ၊ လက်၊ အရိုး၊ မစင် စတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပစ္စည်းမျိုးစုံ၊ နှစ်သန်း (၁၁၀) သက်တမ်းရှိ အင်းဆက်မျိုးနွယ်စု ပါဝင်တဲ့ မြန်မာ့ပယင်းတွင်းထွက်များ၊ Sivapithecus မျိုးနွယ်စုဝင် ကမ္ဘာ့ရှားပါး လူတူပရိုင်းမိတ် မေးရိုးနှင့် လက်မောင်းရိုးများ၊ နှစ်သန်း (၃၈၀) သက်တမ်းရှိ Trilobite ကျောက်ဖြစ်ရုပ်ကြွင်းများ၊ သံခေတ်က လူသေအလောင်းကို မြှုပ်နှံမှုများ၊ ကျောက်ခေတ်၊ သံခေတ် ရှေးဟောင်းလက်နက်ကိရိယာများ ၊ ကြေးခေတ်၊ သုဝဏ္ဏဘူမိခေတ်၊ ပျူခေတ်၊ ဟန်လင်းခေတ် စတဲ့ ခေတ်အဆက်ဆက်ပစ္စည်းများ၊ ယွန်းထည်ပစ္စည်း အ မျိုးမျိုး စတာတွေကို ပွင့်လင်းမြင်သာစွာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Image may contain: 1 person

ဇေကမ္ဘာပြတိုက်မှာ ရှေးဦးဆင်(၅)မျိုးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ ကမ္ဘာဦးသတ္တဝါတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများ ပြခန်း၊ ယဉ်ကျေးမှုအမွေအနှစ် မြန်မာမှုအနုလက်ရာပစ္စည်းများ ပြခန်း၊ သံခေတ်အလောင်းမြှုပ်နှံမှု ပြခန်း၊ ပယင်း ပြခန်း၊ နှစ်သန်းပေါင်းများစွာက လိပ် ကျောက်ဖြစ်ရုပ်ကြွင်း ပြခန်း၊ ယွန်းထည် အမျိုးမျိုးပြခန်း၊ ရှေးဟောင်းရွှေကျောင်း ပြခန်း၊ ပုဂံခေတ် အနုပညာလက်ရာ ပြခန်း စတာတွေကို ပြတိုက်စဖွင့်ချိန်မှာ အရင်ဆုံး ပြသ လေ့လာ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

No photo description available.

ပြတိုက်မှာ သမိုင်းမတင်မီခေတ်က ကျောက်၊ ကြေး၊ သံ၊ ပျူ၊ ပုဂံ၊ ပင်းယ၊ အင်းဝ စတဲ့ ခေတ်အဆက်ဆက်မှ ကိုလိုနီခေတ်အထိ လူ့အသုံးအဆောင်တွေဖြစ်တဲ့ လက်နက်၊ အိုးခွက်-ပုတီး-ကိုးကွယ်ယုံကြည်မှု ပြခန်းများ၊ မြန်မာမှု လက်ရာပန်းချီ-ပန်းပု-ရုပ်လုံး ရုပ်ကြွ ပန်း(၁၀)မျိုးအတတ်ပြခန်းများလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။

Image may contain: night

No photo description available.

Credit

Bookmark