Business Yangon Trend

ဧပြီ ၃ ရက်မှစ၍ MNA က ရန်ကုန်-ဗန်ကောက် ကုန်တင်စင်းလုံးငှား ခရီးစဉ် ပြေးဆွဲမည်

Read 657 times

ကိုဗစ်-၁၉ ကာလအတွင်း မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံအတွင်း လူသုံးကုန်ပစ္စည်းများ မပြတ်လပ်စေရေး၊ ကုန်စည်များတင်ပို့နိုင်ရေး၊ ဆေးနှင့်ဆေးပစ္စည်းများ သယ်ဆောင်ရေးအတွက် စင်းလုံးငှားလေကြောင်းခရီးစဉ် ရန်ကုန်- ဗန်ကောက်-ရန်ကုန်အား ပျံသန်းပေးမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး ဦးခုတ်ခန့်မောင်က ပြောသည်။

“အစီအစဉ်အရတော့ မနက်ဖြန်စပြေးမှာပါ။ အဓိကကတော့ ဆေးနှင့်ဆေးပစ္စည်းတွေကို သယ်ဆောင်ပျံသန်းမှာပါ။ နေ့တိုင်းလည်း ပြေးဆွဲမှာမဟုတ်ပါဘူး။ ဒီလထဲမှာ ခြောက်ခေါက်၊ ခုနစ်ခေါက်ထက်တော့ မပိုပါဘူး။ အဓိကက ဟိုဘက်က ဆေးနဲ့ဆေးပစ္စည်းတွေ လှူဒါန်းတာတွေရှိ တယ်။ ကျွန်တော်တို့ဆီကလည်း ဝယ်တဲ့ပစ္စည်းတွေရှိတယ်။ အဲဒါမျိုးကို အဓိကထားပြီး သယ်ယူပို့ဆောင်ပေးတာ ဖြစ်ပါတယ်”ဟု လေယာဉ်မှူးကြီး ဦးခုတ်ခန့်မောင်က ပြောသည်။

အဆိုပါ ကုန်တင်စင်းလုံးငှား ခရီးစဉ်ကို ဧပြီ ၃ ရက်၊ ၈ ရက်၊ ၁၁ ရက်၊ ၂၂ ရက်၊ ၂၅ ရက်နှင့် ၂၉ ရက်တို့တွင် ရန်ကုန်-ဗန်ကောက်- ရန်ကုန်ခရီးစဉ် ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 “ကျွန်တော်တို့ဆီမှာ ခရီးသည်တင်လေယာဉ်တွေကိုပဲ ပိတ်တာပါ။ ကွင်းပိတ်တာမဟုတ်ပါဘူး။ ခရီးသည်တင်လေယာဉ်တွေကိုတော့ အားလုံးရပ်ဆိုင်းထားတယ်။ လေကြောင်းဦးစီးဌာနက ထုတ်ထားတာကတော့ Cargo Flight ပါ။ နောက်ဆေးပစ္စည်းတွေ၊ အထောက်အကူပြုတဲ့ ပစ္စည်းတွေရဲ့ လေယာဉ်ပျံတွေ၊ အရေးပေါ်ဆေးကုသဖို့ သွားတဲ့ ကိုယ်ပိုင်လေယာဉ်တွေကို ခွင့်ပြုထားပါတယ်”ဟု ၎င်းက ပြောသည်။

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အပါအဝင် မြန်မာနိုင်ငံရှိ မည်သည့်လေဆိပ်များတွင်မဆို နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆင်းသက်ခွင့်ကို ၂၀၂၀ ပြည့်နှစ် မတ် ၃၀ ရက် ညသန်းခေါင်မှစတင်ကာ ခွင့်ပြုတော့မည်မဟုတ်ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

သို့ရာတွင် ကယ်ဆယ်ရေးလေယာဉ်များ၊ ကုန်တင်လေယာဉ်များ၊ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေး လေယာဉ်များ၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အထူးခွင့်ပြုချက်ဖြင့် ဆင်းသက်သော လေယာဉ်များကိုမူ ဆင်းသက်ခွင့်ဆိုင်းငံ့ခြင်းတွင် ပါဝင်ခြင်းမရှိဘဲ ဆင်းသက် ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် အဆိုပါလေယာဉ်များအနေဖြင့် ညအိပ်ရပ်နားမှုများရှိပါက လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လေယာဉ်အမှုထမ်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာခံယူရမည်ဖြစ်ကြောင်း သိရသည်။

MOI

Bookmark