Health

ဧရာဝတီဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ ကုသရေး ဒေါ်လာ (၂) သန်းတန်ဖိုးရှိ ပစ္စည်းနှင့် ဆေးဝါးများ လှုဒါန်းမည်

Read 574 times

Max Myanmar Group ရဲ့ ပရဟိတ ဖောင်ဒေးရှင်း တစ်ခုဖြစ်တဲ့ ဧရာဝတီ ဖောင်ဒေးရှင်းဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ဒေါ်လာ (၂) သန်းခန့် တန်ဖိုးရှိတဲ့ ဆေးရုံသုံး ပစ္စည်းတွေနဲ့ ဆေးဝါးတွေကို ပြည်ပကနေ ထပ်မံ မှာယူခဲ့ကြောင်း အောက်တိုဘာလ၊ (၂၁) ရက်နေ့က ပြောကြားခဲ့ပါတယ်။ 

ဧရာဝတီ ဖောင်ဒေးရှင်းဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ဒေါ်လာ (၇) သန်းကျော် တန်ဖိုးရှိတဲ့ ပစ္စည်း ကိရိယာတွေနဲ့ အခြေခံ အဆောက်အဦတွေကို လှူဒါန်းငွေများအပြင် ပရဟိတ လုပ်အားများပါ  ကူညီ ထောက်ပံ့ပေးနေတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

ယခုလက်ရှိ ပြည်ပကနေ ထပ်မံ မှာယူထားတဲ့ ဆေးဝါးနဲ့ အထောက်အကူပြု ပစ္စည်းတွေကိုတော့ Max Myanmar Group ကနေ ဖွင့်လှစ် လှူဒါန်းပေးထားတဲ့ ရန်ကုန်နဲ့ မန္တလေးရှိ ကိုဗစ်ကုသရေး စင်တာတွေမှာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

မှာယူထားတဲ့ ကုသရေး ပစ္စည်းများကတော့ 

  • ဆေးရုံသုံးကုတင် (၁,၂၅၀)၊ 
  • Intensive care units/ high dependency units (ICU/HDU) ဌာနအတွက် ကုတင်(၂၀၀)၊ 
  • ICU/HDU မော်နီတာ နှင့် ကြိုးမဲ့ ထိန်းချုပ်စနစ် စက်ပစ္စည်းများ၊ 
  • ဆေးရုံ အဆောက်အဦ အဖြစ် အသုံးပြုနိုင်မယ့် ရွက်ဖျင်တဲများ၊ 
  • အောက်စီဂျင်ငွေ့ရည်အိုး တန် (၂၀)၊ 
  • PPE 
  • N95 Mask များ စတာတွေပဲ ဖြစ်ပါတယ်။ 

လိုအပ်တဲ့ အထောက်အပံ့တွေကို ဝယ်ယူနိုင်ဖို့အတွက် ဧရာဝတီဘဏ်နဲ့ Max Myanmar Group ကနေ အမေရိကန် ဒေါ်လာ (၂)သန်းကို ဧရာဝတီ ဖောင်ဒေးရှင်းသို့ ထပ်မံ လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။ 

ဧရာဝတီ ဖောင်ဒေးရှင်းက မန္တလေးမြို့မှာလည်း မန္တလေး ဘောလုံး အကယ်ဒမီကို Quarantine Center အဖြစ် ပြောင်းလဲစီမံခဲ့တာ ဖြစ်ပြီးတော့ လူနာ အရေအတွက် (၁၀၀) အထိ ဆန့်တဲ့ ကုတင်တွေနဲ့ စေတနာ့ဝန်ထမ်း (၂၅) ဦးတို့ အဆင်သင့် နေထိုင်နိုင်ဖို့လည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေး ဘောလုံး အကယ်ဒမီ စင်တာမှာ တစ်နေ့ (၄) ကြိမ်အထိ အစားအသောက် ကျွေးမွေးနိုင်ဖို့နဲ့ လိုအပ်တဲ့ ဆေးကုသရေး ပစ္စည်း အစုံအလင်ကို ထောက်ပံ့ပေးဖို့အတွက် အသင့်ပြင်ဆင်ထားကြောင်းလည်း သိရပါတယ်။ 

ဧရာဝတီ ဖောင်ဒေးရှင်းဟာ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး COVID-19 ဒုတိယလှိုင်းအတွင်း ရောဂါ ကူးစက်ခံနေရတဲ့ လူနာများကို ကျန်းမာရေး ဝန်ထမ်း၊ ဆရာဝန်၊ သူနာပြုနဲ့ လုပ်အားပေး အဖွဲ့ဝင် (၇၀၀) ကျော် အားဖြည့်ထားတဲ့ ယာယီကုသရေး “ ဧရာဝတီစင်တာ “ ကို တည်ဆောက် လှူဒါန်းခဲ့ပါတယ်။

စတင် ဖွင့်လှစ်ခဲ့တဲ့ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့မှာ ကုတင် အရေအတွက် (၄၂၅) ခုနဲ့သာ ဖွင့်လှစ်ခဲ့ပေမယ့် ယခုအခါမှာတော့ ကုတင် (၁,၀၀၀)အထိ ထားရှိနိုင်တဲ့ ကိုဗစ်စင်တာအဖြစ် အဆင့်ဆင့် ထပ်မံ တိုးချဲ့ပေးခဲ့တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ဧရာဝတီစင်တာမှာ အောက်တိုဘာလ (၇) ရက်နေ့က စတင်ပြီး ကုတင် (၇၅) လုံးဆံ့ ‌  ICU/HDU Critical Care Unit အရေးပေါ်လူနာ စောင့်ကြည့် ကုသရေး အဆောင်တစ်ခုကိုပါ ထည့်သွင်း ဖွင့်လှစ် ပေးခဲ့ပါတယ်။ 

အဆိုပါ ဧရာဝတီစင်တာကို ယခုအခါ လူနာဦးရေ (၁,၀၀၀) အထိ ကုသပေးနိုင်ဖို့ ပြင်ဆင်ထားတဲ့အပြင် နယ်နိမိတ် ကန့်သတ်ထားတဲ့ သီးခြား လူနာဆောင်များ၊ (၂၄) နာရီ လုံခြုံရေးနဲ့ လူနာတင်ယာဉ်များကိုပါ ထောက်ပံ့ပေးထားလျက် ရှိကြောင်း သိရပါတယ်။ 

မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း (၃၈,၅၀၂) ဦး၊ သေဆုံးလူနာ (၉၄၅) ဦးနဲ့ ကုသမှု ခံယူပြီး ရောဂါ ကင်းစင်လာသူ (၁၈,၁၄၇)ဦး စတာတွေနဲ့ လက်ရှိ အာဆီယံ ဒေသတဝှမ်းမှာ စတုတ္ထမြောက် COVID-19 ကူးစက်ခံရသူ အများဆုံးနိုင်ငံ အဖြစ် ရပ်တည်လျက် ရှိကြောင်း သိရပါတယ်။

 

Bookmark