Food & Drinks

လွယ်ကူမြန်ဆန်ပြီး အင်အားပြည့်စေမယ့် ကြက်ပေါင်းရည်ပြုလုပ်နည်း

Read 1885 times

အခုလို အခြေအနေမှာ လူတိုင်း ကိုယ်ခံအားကောင်းအောင်နဲ့ အင်အားတွေ ပြည့်နေဖို့ လိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းမှာ အပြင်ကဝင်လာတဲ့ မကောင်းတဲ့ ပိုးမွှားအန္တရာယ်တွေကို ခုခံနိုင်မှုာ မို့လို့ပါ။

ဒါကြောင့် My Yangon ကနေ ချက်ပြုတ်ရလွယ်ကူပြီး အရသာရှိကာ အင်အားပြည့်စေမယ့် ကြက်ပေါင်းရည် ပြုလုပ်နည်းကို ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းနည်းနည်းနဲ့ အမှန်တကယ်အသုံးဝင်တဲ့ နည်းလေးပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်တစ်ကောင် (ဗမာကြက်ဖြစ်ရင်ပိုကောင်း)
ဂျင်း- တစ်ဆစ်
ကြက်သွန်ဖြူ- ၃ မွှာ
ဂျင်ဆင်းဆေးမြစ်- လက် ၂ ဆစ် (ဝယ်လို့မရရင် မထည့်လည်း ရပါတယ်)

ပြုလုပ်ပုံ

ကြက်တစ်ကောင်လုံးကို အရေခွံနဲ့ အဆီတွေခွာထားပါ။ ကြွေဇလုံ ကြီးကြီးတစ်ခုမှာ ကြွေပန်းကန်တစ်လုံး မှောက်ထားပါ။ ပြီးရင် မှောက်ထားတဲ့ ကြွေပန်းကန်လေးရဲ့ ပတ်ပတ်လည်မှာ အရေခွံနွာထားတဲ့ ကြက်သား၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဂျင်ဆင်းဆေးမြစ်ထည့်ပါ။ ကြက်ပေါင်းရည်အစစ်ရဖို့အတွက် ရေထည့်စရာမလိုပါ။

ပြီးရင် ကြွေဇလုံလိုက် ပေါင်းအိုးထဲမှာ (၃)နာရီခန့် ပေါင်းထားပါ။ ဘယ်ပေါင်းအိုးနဲ့မဆို ထည့်ပေါင်းလို့ရပါတယ်။ (၃)နာရီပြည့်သွားရင်တော့ ဂျင်း၊ ကြက်သွန်ဖြူနဲ့ ဆေးမြစ်ကို ဖယ်ပါ။ ကြက်ပေါင်းရည်ကို အဆီတွေမပါအောင် ဇကာနဲ့ စစ်ပြီး ဆားအနည်းငယ်ဖြူးပါ။ 

ရလာတဲ့ ကြက်ပေါင်းရည်တွေကို ပုလင်းထဲထည့်ပြီး တစ်နေ့ကို ထမင်းစားဇွန်း (၃)ဇွန်းခန့် သုံးဆောင်နိုင်ပါတယ်။ ပြုလုပ်ပြီး ကြက်ပေါင်းရည်ကို တစ်ပါတ်တိတိ သိမ်းဆည်း သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။ 

အားလုံးပဲ ကျန်းမာသော နေ့ရက်များကို ပိုင်ဆိုင်နေကြပါစေ။

Psyche (My Yangon)
Ref; baby store

Bookmark