နိုင်ငံတကာ COVID-19 သုတေသန တွေ့ရှိချက်များအရ အတက်ရောဂါ ရှိသူတွေ COVID-19 ရောဂါ ကူး စက်ခံရပါက ကိုဗစ် လက္ခဏာကြောင့်ဖြစ်သော ဖျားခြင်းနဲ့ သွေးတွင်း အောက်ဆီဂျင် ကျတာတွေကို ဖြစ်စေနိုင်ပါတယ်။
အဲ့ဒါကြောင့် အောက်ပါအချက် (၃) ချက်ကို အာရုံကြော အားနည်းသူတွေ အနေနဲ့ အထူး ဂရုစိုက်ကြဖို့ ပြောကြားလိုပါတယ်။
(၁) သောက်နေကျ ဆေးအမျိုးအစားကိုသာ ဆက်သောက်ပါ။
အာရုံကြော အားတိုးဆေး ဒါမှမဟုတ် ဆရာဝန်က ပြောထားတဲ့ ဆေးတွေကို သောက်နေရတဲ့ သူတွေ အနေနဲ့ ကိုဗစ်ကာလအတွင်းမှာ ဖြစ်နိုင်ရင် မိမိသောက်နေကျဆေးက ရုတ်တရက် ကုန်သွားတယ် ဆိုရင်တောင် သောက်နေကြဆေးကိုသာ ဝယ်ပါ။
ပါဝင်တဲ့ဓာတုပစ္စည်း တူနေရင်တောင် ထုတ်လုပ်တဲ့ဆေး ကုမ္ပဏီမတူတဲ့အခါ ဆေးနာမည် အမျိုးမျိုး ကွဲသွားတဲ့ အပြင် ပါဝင်တဲ့ ဓာတုပစ္စည်းရဲ့ ဆေးအာနိသင်ကလည်း မတူညီနိုင်တာကြောင့် မိမိသောက်နေကျ ဆေးနာမည် တစ်မျိုးကိုသာ သောက်ဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် အာရုံကြောဆိုင်ရာ တချို့ဆေးတွေက ကုမ္ပဏီတစ်ခုတည်းက ထုတ်တဲ့ဆေးကိုသာ သောက်ဖို့ သတ်မှတ်ထားတဲ့ ဆေးတွေရှိပြီး တချို့ဆေး အမျိုးအစား တွေကတော့ ကုမ္ပဏီ မတူပေမယ့် ဓာတုပစ္စည်း အလားတူဖြစ်ရင် ပြောင်းသောက်လို့ရတဲ့ ဆေးတွေ ရှိပါတယ်။ ဆေးအမျိုးအစားနဲ့ ပြောင်းသောက်လို့ ရ၊ မရကိုတော့ ဆရာဝန်ကို သေချာမေးကြည့်ဖို့ လိုပါလိမ့်မယ်။
(၂) အိပ်ရေးဝအောင် အိပ်ပါ၊ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျော့အောင် ကြိုးစားပါ။
အာရုံကြောရောဂါ ရှိတဲ့သူတွေက အိပ်ရေးမဝတာ၊ အိပ်မပျော်တာနဲ့ စိုးရိမ်ပူပန်မှု တွေကြောင့် ရောဂါ အခြေအနေ ဆိုးလာနိုင်ပါတယ်။ ဒါကြောင့် အိပ်ချိန်မှန်ပြီး အိပ်ရေးဝအောင် အိပ်ဖို့ အရေးကြီးပါတယ်။
စိတ်ဖိစီးမှု မများစေဖို့ Social Media နဲ့ Internet တွေမှာ ကိုဗစ်-၁၉နဲ့ ပတ်သက်တဲ့ သတင်းတွေချည်း မဖတ်ဘဲ အခြား အကြောင်းအရာတွေ ဖတ်တာ၊ ရုပ်ရှင်ကြည့်တာ၊ သီချင်း နားထောင်တာ၊ တရားထိုင်တာ၊ လက်ရှိ အခြေအနေကို သိရုံလောက်ပဲ သတင်းကို အချိန်ပိုင်း နားထောင်တာ စတာတွေကို မိမိဝါသနာ အလိုက် ရွေးလုပ်ခြင်းနဲ့ အချိန်ကုန်ပါစေ။
နောက်ဆုံး အနေနဲ့တော့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် မပြတ်အောင် ဖုန်းဆက်ပါ၊ SMS ပို့ပါ။
(၃) အရေးပေါ်ဖြစ်လျှင် စနစ်တကျ ကုသမှုခံယူပါ။
မိသားစုဝင်တွေဟာ အာရုံကြော အားနည်းတဲ့ သူတွေရဲ့ လူနာကို ပြုစုပေးရတဲ့ အရေးပေါ် ပြုစုနည်းတွေကို သိအောင် ပြုလုပ်ထားဖို့ အရေးကြီးပါတယ်။ အရေးပေါ် ဖြစ်လာတဲ့အခါ ထိရောက်တဲ့ ကုသမှု အချိန်မီ ရနိုင်ဖို့ ကိုယ်နေထိုင်တဲ့ နေရာ အနီးတစ်ဝိုက်က (၂၄) နာရီဖွင့်တဲ့ ဆေးရုံ၊ ဆေးခန်းလိပ်စာနဲ့ အရေးပေါ် ဆက်သွယ်ရမယ့် ဖုန်းနံပါတ် (hot line) တွေကို စုံစမ်းမှတ်သားထားဖို့လည်း အရေးကြီးပါတယ်။
ညမထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့ ကာလမှာ ဆေးရုံကို အချိန်မီပို့နိုင်ဖို့ ရပ်ကွက်၊ ကျေးရွာနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို ဆက်သွယ်ရမယ့် နည်းလမ်းတွေ၊ ဖုန်းနံပါတ်တွေကို သိအောင် ကြိုတင် လုပ်ဆောင်ထားပါ။
အထက်ပါ ပြောပြထားတဲ့ အချက်တွေကို အာရုံကြော အားနည်းတဲ့ရောဂါ ရှိသူတွေအနေနဲ့ သာမန် ကျန်းမာသူ တစ်ဦးလို ပြုမူနေထိုင်နိုင်ပြီး ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ် ကာကွယ်နည်းတွေအတိုင်း လိုက်နာခြင်းဖြင့် ကိုဗစ်ကူးစက်မှုမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။