photo : GLNM
COVID-19 ကူးစက်ရောဂါ ဒုတိယလှိုင်း စတင် ပြန့်နှံ့စဉ်က ယာယီ ပိတ်သိမ်းထားရှိသော ရန်ကုန်မြို့ ရွှေအရောင်း ဈေးကွက်အား အောက်တိုဘာ (၂၂) ရက်နေ့တွင် တရားဝင် ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ ဥက္ကဌ ဦးမျိုးမြင့်မှ ပြောကြားထားသည်။
ရန်ကုန်မြို့အတွင်းတွင် မရှိမဖြစ် လိုအပ်သော အခြေခံ စီးပွားရေး လုပ်ငန်းများမှအပ အခြားသော စီးပွားရေး လုပ်ငန်းများ အားလုံးကို Stay At Home အဖြစ် ကန့်သတ်ထားရှိရာမှ ယနေ့ အောက်တိုဘာ (၂၂)ရက်နေ့တွင် ရွှေဆိုင်များအား ပြန်လည်ဖွင့်လှစ်ခွင့် ပေးမည်ဖြစ်သည်။
အောက်တိုဘာလ (၁၂)ရက်နေ့မှ စတင်ကာ ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း (YGEA) အဖွဲ့ဝင်များသည် ရွှေအရောင်းအ၀ယ်များ အားလုံးကို ၎င်းတို့၏ ရုံးခန်း၌သာ စတင်ရောင်းချခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ရန်ကုန်၌ COVID-19 ကူးစက်ရောဂါ ပိုမို ပျံ့နှံ့လာမှုများကြောင့် စက်တင်ဘာ (၁၅) ရက်နေ့မှ စတင်၍ ရန်ကုန်ရွှေစျေးကို ခေတ္တပိတ်ထားခဲ့ခြင်း ဖြစ်ပြီး ထိုအချိန်က ရွှေစျေးနှုန်းသည် တစ်တန်လျှင် ကျပ် (၁.၃) သန်းကျော် (၀.၅၇၈ အောင်စ (သို့) ၀.၁၆၁ ကီလိုဂရမ်) ရှိခဲ့သည်။
အောက်တိုဘာလ (၁၂) ရက်နေ့တွင်မူ အချို့သော ရွှေဆိုင်များက ရွှေဈေးနှုန်းများအား ကျပ် (၁.၃) သန်းကျော်ဖြင့် ဖွင့်လှစ်ထားရှိခဲ့သည်။ ပြီးခဲ့သော အောက်တိုဘာလ (၂၀) ရက်နေ့တွင် ရွှေစျေးနှုန်းသည် မြန်မာငွေ (၁,၃၁၃,၅၀၀) ကျပ် ရှိပြီး ကမ္ဘာ့ရွှေစျေးမှ အမေရိကန် ဒေါ်လာ (၁,၉၀၁) ခန့် ရှိသည်။
ယခုကဲ့သို့ ရွှေစျေးကွက် ပြန်လည်မဖွင့်ခင် အချိန်၌ ရွှေကုန်သည်များသည် ရွှေအရောင်းအဝယ်များအား ၎င်းတို့၏ အိမ်ဆိုင်များနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဆက်လက် ရောင်းချ လည်ပတ်လျက် ရှိပေသည်။
ရန်ကုန်မြို့ရှိ ရွှေပန်းထိမ်နှင့် ရွှေအရောင်း ဆိုင်ခန်းများကို အောက်ပါလင့်ခ်တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ >> https://bit.ly/2RRY3HU