လွန်ခဲ့တဲ့လထဲမှာ ကမ္ဘာ့နိုင်ငံများတို့ရဲ့ ဗဟိုဘဏ်များ၏ ရွှေအသားတင်ဝယ်ယူမှု ပမာဏ စုစုပေါင်း (69.4) တန် အထိ ရှိခဲ့သည်။ 2018 ၊ 2019 ခုနှစ်တွေတုန်းကတော့ ဗဟိုဘဏ်များရဲ့ ရွှေဝယ်ယူမှု ပမာဏများဟာ စံချိန်တင် တိုးမြှင့်ခဲ့မှုများ ရှိခဲ့ပြီး မနှစ်ကတော့ အနည်းငယ် ကျဆင်းမှု ရှိခဲ့ပါသည်။ ယခု 2021 နှစ်ထဲမှာတော့ ဗဟိုဘဏ်များ၏ ရွှေဝယ်ယူမှုများ ပြန်လည် တိုးမြှင့်လာနိုင်ချေ ရှိကြောင်း ကမ္ဘာ့ရွှေကောင်စီက ဖော်ပြထားပါသည်။
ဧပြီလတုန်းက ရွှေဝယ်ယူခဲ့သည့် ဗဟိုဘဏ် အသီးသီးအနက် ထိုင်းနိုင်ငံ၏ ဗဟိုဘဏ်ကတော့ (43.5) တန်ဖြင့် အများဆုံး ဝယ်ယူမှု ရှိခဲ့ပါသည်။ မတ်လတုန်းကတော့ ဟန်ဂေရီနိုင်ငံ၏ ဗဟိုဘဏ်မှ ရွှေတန်ချိန် (63) တန် ဝယ်ယူမှု အများဆုံးရှိခဲ့ပါသည်။ ၎င်းပမာဏဟာ ဆယ်စုနှစ်တာကာလ အတွင်း၌ ဗဟိုဘဏ်တခု၏ ဝယ်ယူမှုပမာဏများအနက် အများဆုံး ပမာဏအဖြစ်လည်း မှတ်တမ်းဝင် သွားခဲ့ပါသည်။ NBH (National Bank of Hungary) က ရွှေကို “a crucial reserve asset” ဟူ၍ သုံးနှုန်း ရေးသားဖော်ပြလေ့ရှိပါသည်။
တူရကီ ဗဟိုဘဏ်သည်လည်း လအတန်ကြာ ရွှေရောင်းချမှုများ ဆက်တိုက်ရှိလာခဲ့သော်လည်း ပြီးခဲ့တဲ့ ဧပြီလထဲမှာတော့ ရွှေတန်ချိန် (13.4) တန် ဝယ်ယူမှုရှိခဲ့ပါသည်။ ဧပြီမတိုင်ခင် ရှေ့လ 5 လအတွင်းမှာ တူရကီ ဗဟိုဘဏ်က ရွှေ တန်ချိန် စုစုပေါင်း (55.2) တန်ရောင်းချမှု လုပ်ခဲ့သည်။ တူရကီ ငွေကြေး Lira တန်ဖိုး အလွန်ကျဆင်းမှု ဖြစ်ပေါ်ခဲ့ သောကြောင့် ရွှေရောင်းချပြီး ကျားကန်မှု လုပ်ခဲ့ရခြင်း လည်း ဖြစ်ပါသည်။
ဧပြီလထဲမှာ အဝယ်ရှိခဲ့ကြသည့် အချို့သော ဗဟိုဘဏ်များတို့ရဲ့ ရွှေဝယ်မှုပမာဏများကတော့ -
ဉဇဘတ် ကစ္စတန် = 8.4 တန်
ကာဇက်စတန် = 4.6 တန်
ခရူးကစ္စတန် = 3.8 တန်
အီဂျစ် = 0.1 တန်
မော်လ်တာ = 0.1 တန်
မွန်ဂိုလီးယား = 0.1 တန် စသည်ဖြင့် ဝယ်ယူမှုများ ရှိခဲ့ကြသည်။
ရွှေကို အမြဲတမ်း ဝယ်ယူစုဆောင်းလေ့ရှိသော ရုရှားဗဟိုဘဏ်ကြီးကတော့ ဧပြီလထဲမှာ 3.1 တန်ဖြင့် ထူးထူးခြားခြား အရောင်းရှိခဲ့ပါသည်။ ဂျာမဏီ ဗဟိုဘဏ်သည်လည်း 1.3 တန် ထုတ်ရောင်းမှု ရှိခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီ၏ စာရင်းဒေတာများ၌ ဖော်ပြထားပါသည်။
တရုတ်နိုင်ငံကတော့ ၎င်းဗဟိုဘဏ်၏ ရွှေ အရန်သိုလှောင်ထားရှိမှု ပမာဏကို တိုးမြှင့်သလား? လျှော့ချသလား? ဆိုတာကို သတင်းထုတ်ပြန်မှု မလုပ်ခဲ့သည်မှာ 17 လ အထိတောင် ရှိခဲ့ပြီလည်း ဖြစ်ပါသည်။