Yangon Trend

၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် အပြီးတည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားကွင်း

Read 567 times

တဆင့်ထက်တဆင့် တိုးတက်အောင် ကြိုးစားနေတဲ့ မြန်မာ့အားကစားအတွက် နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်တဲ့ အိပ်မက်ကြီးဟာ အကောင်အထည်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖူဆယ်အားကစားရုံ ရှားပါးသည့်အပြင် ရန်ကုန်မြို့တွင် ဖူဆယ်အားကစားနည်းအတွက် အားကစားရုံ မရှိတာကြောင့် ပြည်တွင်းပြိုင်ပွဲများ တိုးမြှင့်ကျင်းပရန်၊ နိုင်ငံတကာဖူဆယ် ပြိုင်ပွဲများ လက်ခံကျင်းပရန်နှင့် ဖူဆယ်အားကစားလောက ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်ပြီး ပရိသတ် ၂၀၀၀ ကျော်ဆံ့ ဖူဆယ်အားကစားရုံကို အကောင်အထည် ဖော်ခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကတည်းက ရည်မှန်းချက်တစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာဖူဆယ် အားကစားကွင်းတည်ဆောက်ဖို့ အစီအစဉ်က ယခုအခါမှာ  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ(FIFA)ရဲ့ ပံ့ပိုးမှုဖြင့် တည်ဆောက်နေရာ  ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားခဲ့ပါတယ်။

"ဒီလိုမျိုး FIFAရဲ့ ထောက်ပံ့မှုနဲ့ နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားကွင်း ဆောက်လုပ်လိုက်တာက ကျွန်တော်တို့နိုင်ငံ ဖူဆယ်အားကစားကို အဆင့်မြှင့်ပေးလိုက်တာနဲ့ အတူတူပါပဲ။ မြန်မာပြည်မှာ ဖူဆယ် ဘောလုံးကစားသမားတွေ အများကြီးရှိပြီး ရာနဲ့ချီတဲ့ဖူဆယ်အသင်းတွေ ရှိပါတယ်။ ဖူဆယ်အားကစားက ကျွန်တော်တို့ရဲ့ ထောက်ပံ့မှုအပေါ်မှာသာ မူတည်ပြီး တိုးတက်မယ်/မတိုးတက်ဘူး သက်ရောက်မှာပါ"

"MFFက နှစ်စဉ် ပြည်တွင်းဖူဆယ်လိဂ်ကို စီစဉ်ပေမယ့် အပြည်ပြည်ဆိုင်ရာ ဖူဆယ်အားကစားကွင်း မရှိသေးပါဘူး။ သုဝဏ္ဏမှာ မိုးလုံလေလုံ အားကစားကွင်းတော့ရှိတယ်။ ကျန်းမာရေးနဲ့ အားကစား ၀ န်ကြီးဌာနက ငှားရမ်းထားတယ်။ ဒါပေမယ့် သု၀ဏ္ဏ မိုးလုံလေလုံ အားကစားရုံက မသေချာပါဘူး။ ဒီအားကစားကွင်းက အခြားအားကစားနဲ့ ပတ်သက်ပြီး အိမ်ရှင်အနေနဲ့ လက်ခံကျင်းပဖို့ လိုအပ်တာကြောင့်လည်း ပါပါတယ်။ ဒီအခြေအနေက မြန်မာဖူဆယ်ကို တိုးတက်လာအောင်လုပ်ဖို့ ထိရောက်မှုမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ ဖူဆယ်လ် အားကစားကွင်းစီမံကိန်းကို စတင်စီစဉ်ခဲ့တာပါ"

"ဒီအားကစားကွင်းကြီး ပြီးသွားရင် ပရိသတ် ၂၀၀၀ကနေ ၂၈၀၀အထိ ဆံ့မှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ပြည်တွင်းဖလား ဘောလုံးလိဂ်ပွဲတွေကို ကျင်းပနိုင်မယ့် အဆောက်အဦးတစ်ခု ဖြစ်လာမှာပါ။ နောက်ပိုင်းကျရင် ကစားသမားကို လေ့ကျင့် သင်ကြားပေးနိုင်ပြီး အရှေ့တောင်အာရှနှင့် အာရှအဆင့် ဘောလုံးပြိုင်ပွဲများကို ကျင်းပနိုင်တဲ့ အဖွဲ့အစည်းလည်း ကျွန်တော်တို့ ဖွဲ့ထားပါတယ်။ ဒီအားကစားကွင်းက မြန်မာဘောလုံး အားကစားအတွက် ကောင်းတဲ့အချက်တစ်ခုပဲ"

"ဒီစီမံကိန်းကို FIFA Forward Development Programမှ ဒေါ်လာ ၂သန်း ရင်းနှီးမြှပ်နှံ ပံ့ပိုးထားပြီး ကျန်ဖွံ့ဖြိုးရေး ကုန်ကျစရိတ်များကိုတော့ MFFက ပေးမှာပါ။ ဒီကွင်း တည်ဆောက်တာကို ဖေဖော်ဝါရီလက စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်" လို့ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားခဲ့ပါတယ်။

၎င်းအားကစားရုံကို တာဝန်ယူတည်ဆောက်နေတဲ့ ကုမ္ပဏီက ၂၀၂၁ ခုနှစ် မတ်လမကုန်မီ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ထံ လွှဲပြောင်းပေးသွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေနဲ့ ယင်းဖူဆယ်ရုံ ပြီးစီးသွားပါက ပြည်တွင်းဖူဆယ်ပြိုင်ပွဲများ တိုးမြှင့်ကျင်းပသွားမယ့်အပြင် နိုင်ငံတကာပြိုင်ပွဲများကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ယခင်က ပြည်တွင်း ဖူဆယ်ပြိုင်ပွဲများကျင်းပပါက အမျိုးသား အားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏနှင့် အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်တို့ကို အသုံးပြုခဲ့ကြပြီး ယခု တည်ဆောက်နေတဲ့ ဖူဆယ်အားကစားရုံမှာ နောက်နှစ် မတ်လကုန် နောက်ဆုံးပြီးစီးမှာဖြစ်တာကြောင့် လာမယ့်နှစ်မှာ ဖူဆယ်လိဂ်အပါအဝင် အခြားပြိုင်ပွဲများ ကျင်းပပါက ယင်းအားကစားရုံသစ်တွင် ကျင်းပနိုင်တော့မှာ ဖြစ်ပါတယ်။

By Yangon Directory

Credit_Photo

Bookmark