ရေနံဝယ်လိုအားထက် ရေနံရောင်းချမှုကန့်သတ်ချက်များ ရှိနေခြင်းကြောင့် လာမည့်နှစ်အနည်းငယ်အတွင်း ရေနံစျေးနှုန်းများ မတည်မငြိမ်ဖြစ်ခြင်းနှင့် အတက်အကျမြန်ခြင်းတို့ ပိုမိုပြင်းပြင်းထန်ထန် ဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်း အမေရိကန်အခြေစိုက် ကုန်သွယ်ရေးလုပ်ငန်းကုမ္ပဏီ Castleton Commodities International က ခန့်မှန်းခဲ့သည်။
“ရေနံတစ်စည်ကို ဒေါ်လာ ၁၀၀ ကျော်အထိ၊ တစ်ခါတစ်ရံ ဒေါ်လာ ၁၃၀ အထိ တစ်ဟုန်ထိုးမြင့်တက်လာတာကို တွေ့လာရနိုင်ပါတယ်။ အဲ့လိုထိုးတက်ပြီး အချိန်အနည်းငယ်အတွင်းမှာပဲ ရေနံတစ်စည်ကို ၃၅ ဒေါ်လာအထိ ထိုးကျသွားတာကိုလည်း တွေ့လာရပါလိမ့်မယ်။ အဲ့လို စျေးနှုန်းအတက်ကြမ်း၊ အကျကြမ်းတဲ့ အနေအထားက ဆက်ဖြစ်နေနိုင် ဖွယ်ရှိပါတယ်။
အမေရိကန်၏ ရေနံထုတ်လုပ်မှု မြင့်တက်လာခြင်းက ကမ္ဘာလုံးဆိုင်ရာ ရေနံစျေးကွက်ကို အပြင်းအထန်လှုပ်ခါစေခဲ့သည့်အပြင် ၂၀၁၄ ခုနှစ်အတွင်း စီးပွားရေးအကျဘက်သို့ ဦးတည်ခဲ့သည့်အချိန်ကတည်းက ရေနံစျေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၁၀၀ အထက် သို့မဟုတ် ဒေါ်လာ ၉၀ ဝန်းကျင်သို့ပင် ရောက်ရှိမလာတော့ချေ။
ကြေးနီနှင့် အလူမီနီယံသတ္တုကဲ့သို့ သတ္တုပစ္စည်းများ၏တန်ဖိုးသည် မကြာသေးမီက တစ်ရှိန်ထိုးမြင့်တက်ခဲ့ပြီး စွမ်းအင်အသွင်ကူးပြောင်းမှုအတွင်း စွမ်းအင်ဝယ်လိုအားပမာဏကို ပြည့်မှီစေရန် အခြေခံအဆောက်အအုံများ၏ လိုအပ်ချက်သစ်များက စွမ်းအင်စျေးနှုန်းကို မြင့်သထက် ပိုမြင့်စေရန် စေ့ဆော်လျက်ရှိသည်။
ရေနံထွက်ကုန်၊ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများ၏ အန္တရာယ်နှင့် COVID-19 ကာကွယ်ဆေး စျေးကွက်ထွက်ပေါ်လာခြင်းတို့ အပေါ်တွင်မူတည်၍ ရေနံဝယ်လိုအားသည် ယခုနှစ်ကုန်ထက်နောက်မကျဘဲ ကပ်ရောဂါမတိုင်မီကာလက ရှိခဲ့သောအဆင့်များသို့ ပြန်လည်ရောက်ရှိလာလိမ့်မည်ဟုလည်း ခန့်မှန်းထားကြသည်။
ဇွန် ၁၆ ရက်တွင် ရေနံစိမ်းစျေးနှုန်းသည် ၂၀၁၉ ခုနှစ် ဧပြီလ နောက်ပိုင်းအမြင့်ဆုံးစျေးနှုန်းသို့ ရောက်ရှိခဲ့ပြီး WTI ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလနောက်ပိုင်း အမြင့်ဆုံးစျေးနှုန်းသို့ ရောက်ရှိခဲ့သည်။