အခုအချိန်ဟာ ရာသီအကူးအပြောင်းကာလ မို့လို့ နေမကောင်းဖျားနာတာတွေ ဖြစ်တတ်ကြပါတယ်။ ဖြစ်နေကျ ရာသီတုပ်ကွေးနဲ့ ကိုဗစ်ရောဂါဟာလည်း တူညီတဲ့အချက်တွေရှိတာမို့လို့ ကိုကရိုးရိုးပဲ ဖျားနေတာလား ကိုဗစ်ပဲဖြစ်နေတာလားဆိုတာ သိဖို့အရေးကြီးပါတယ်။
ကိုဗစ်နဲ့ တုပ်ကွေးရောဂါနှစ်မျိုးလုံးဟာ ရောဂါဖြစ်ပွားပုံတွေတူကြပြီးတော့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်စေတတ်ပါတယ်။ သာမန်ဖျားတာ နာတာလောက်ကနေ ဂရုမစိုက်ဘူးဆိုရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ပွားနိုင်ပါတယ်။
တူညီတဲ့အချက်ကတော့ ဒီရောဂါနှစ်ခုလုံးဟာ ရောဂါပိုးရှိသူနဲ့ လူချင်းထိတွေ့မှုတွေကနေ ကူးစက်တာဖြစ်ပါတယ်။ ရောဂါပိုးရှိသူရဲ့ နှာရည်၊ ချွေးကိုထိတွေ့မိခြင်း စတာတွေကနေကူးစက်ပါတယ်။
တူညီတဲ့ ရောဂါလက္ခဏာတွေကတော့
ချောင်းဆိုးခြင်း
အသက်ရှုရခက်ခဲခြင်း
ပင်ပန်း နွမ်းနွယ်ခြင်း
ခေါင်းကိုက်ခြင်း
လည်ချောင်းနာခြင်း
ဖျားနာခြင်း အစရှိတာတွေပဲဖြစ်ပါတယ်။
ကိုဗစ်ရောဂါကတော့ အနံ့ပျောက်ခြင်းနဲ့ အရသာပျောက်ခြင်းတွေပါဖြစ်တတ်တာမို့လို့ ဒီအချက်တွေဖြစ်လာပြီဆိုရင်တော့ ဆေးရုံကိုအမြန်သွားဖို့လိုပါလိမ့်မယ်။
တုပ်ကွေးရောဂါဖြစ်ပွားတဲ့ သူတွေဟာ ပုံမှန်အားဖြင့် ရက်အနည်းငယ်ကနေ နှစ်ပတ်လောက်အတွင်းမှာ သက်သာလာတတ်ကြပါတယ်။
ကိုဗစ်ဖြစ်တဲ့သူတွေကတော့ အသက်ရှရခက်လာတာတွေ ၊ရင်ဘတ်အမြဲလိုလိုအောင့်လာတာတွေ ၊မျက်နှာနဲ့ နှုတ်ခမ်းကသွေးမရှိသလို ဖျော့နေတာတွေဖြစ်တတ်ပါတယ်။
ဘာပဲပြောပြောအခုချိန်မှာ မဖျားတာကအကောင်းဆုံးမို့လို့ မိမိကိုယ်ကိုဂရုစိုက်ကြဖို့လိုအပ်ပါတယ်။
By Aung Myo Hein