ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် အများစုအတွက် နွားနို့များ အဓိက ထုတ်လုပ်ပေးလျက် ရှိသည့် အင်းစိန်နှင့် တာမွေမြို့နယ် နှစ်ခုသည် လက်ရှိ ကိုဗစ်ကာလ အတွင်းတွင် နွားနို့ထုတ်လုပ်နိုင်မှု လျော့ကျလာသဖြင့် ရန်ကုန်နွားနို့ စျေးကွက်တွင် နွားနို့ဝယ်လိုအားမှာ များပြားလာသည့်အပြင် ရောင်းချသည့် ဈေးမှာလည်း မြင့်တက်လာကြောင်း အင်းစိန်နွားနို့ စျေးကွက်မှ သိရသည်။
ပုံမှန်အခြေအနေတွင် နွားနို့စျေးသည် (၁)ပိသာလျှင် ကျပ်(၈၀၀)ခန့်သာ ရှိသော်လည်း လက်ရှိ အင်းစိန်မြို့နယ် နွားနို့စျေးကွက်တွင် ဒိုင်စျေး (၁)ပိသာလျှင် ကျပ်(၁,၅၀၀)မှ (၂,၀၀၀)နှုန်းဖြင့် ရောင်းချလျက် ရှိပြီး ထိုသို့နွားနို့စျေး မြင့်တက်လာခြင်းသည် နွေရာသီကာလတွင် နွားနို့စျေးမြင့်တက် သကဲ့သို့ မြင့်တက်လာခြင်း ဖြစ်သည်။
ယခင်က မိုးရာသီတွင် နွားနို့စျေးနှုန်းမှာ ကျဆင်းသော်လည်း ယခုနှစ်တွင် ကိုဗစ်ကူးစက်ရောဂါ အခြေအနေကြောင့် စျေးကွက်တွင် နွားနို့ပို့ဆောင်မှု လျော့နည်းလာကာ နွားနို့စျေးများ မြင့်တက်လာခြင်း ဖြစ်သည်။
ရန်ကုန်မြို့နယ် အတွင်းတွင် နို့စားနွား(၅)မျိုးကို မွေးမြူလျက်ရှိပြီး ဖရေရှန် နို့စားနွားသည် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် အကိုက်ညီဆုံး ဖြစ်သည့်အတွက် ၄င်းကို အများအားဖြင့် မွေးမြူလျက်ရှိကြသည်။ နို့ထွက်နှုန်း ကောင်းသည့် ပြင်သစ်နို့စားနွားသည် တစ်ရက်လျှင် (၁၄)ပိသာအထိ ထွက်ရှိသော်လည်း အသားအရေ နူးညံ့၍ ရာသီဥတုဒဏ်ကို မခံနိုင်သည့်အတွက် ရန်ကုန်မြို့တွင် မွေးမြူသူ နည်းပါးကြသည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်းတွင် ကနေဒါ၊ ဒိန်းမတ်နှင့် နော်ဝေနိုင်ငံတို့မှ နို့စားနွားများကို အများဆုံး မွေးမြူကြ၍ နွားနို့များ နေ့စဥ်ထုတ်ပေးလျက်ရှိကာ အင်းစိန်နှင့် တာမွေမြို့နယ်ရှိ နွားနို့ဒိုင်များမှ ရန်ကုန် တစ်မြို့လုံးသို့ ဖြန့်ချီလျက် ရှိသည်။
လက်ရှိ ရန်ကုန်စျေးကွက် အတွင်းတွင် နွားနို့ထုတ်လုပ်နိုင်မှု နည်းပါးလျက်ရှိ၍ ဝယ်ယူ သောက်သုံးမှုများ မြင့်တက်လာသဖြင့် စျေးနှုန်းမှာ မြင့်တက်လျက် ရှိပေသည်။