ကိုရိုနာရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Covid-19 ၏ အဓိကလက္ခဏာများ၊ ရောဂါကူးစက်ပုံနှင့် ရောဂါကာကွယ်နိုင်မည့် နည်းလမ်းများကို ထုတ်ပြန် ကြေညာထားပါသည်။
အထူးသဖြင့်…
တရုတ်နိုင်ငံ၊ ဝူဟန်မြို့သို့ လွန်ခဲ့သည့် (၁၄) ရက်အတွင်း ခရီးသွားခဲ့ခြင်း
လွန်ခဲ့သည့် (၁၄) ရက်အတွင်း Covid-19 ဖြစ်ပွားသည်ဟု သံသယရှိသူ သို့ အတည်ပြုခြင်းခံရသူနှင့် အတူနေထိုင်ခဲ့ခြင်း၊
ဖျားခြင်း ( အပူချိန် ၃၈°C နှင့် အထက်ရှိခြင်း )
ချောင်းဆိုးခြင်း၊
အသက်ရှူရ ခက်ခဲခြင်း၊
အားအင်ကုန်ခမ်းခြင်း စသည့် လက္ခဏာများ ပေါ်ပေါက်လာပါက Covid-19 သံသယလူနာဟု သတ်မှတ်နိုင်မည် ဖြစ်သည်။
အဆိုပါရောဂါ ကူးစက်ပုံအား အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ယခင်အလားတူ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးများ၏ ကူးစက်ပုံများအရ...
ချောင်းဆိုးခြင်း၊ နှာချေခြင်းမှတစ်ဆင့် တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုး (Influenza Virus) များ အပါအဝင် အခြားရောဂါပိုးများ လေထဲသို့ ရောက်ရှိပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက် ကူးစက်ပျံ့နှံ့စေခြင်း
အရာဝတ္ထုများ၌ ထိကပ်နေသော ရောဂါပိုးများအား လက်နှင့် ကိုင်တွယ် ထိတွေ့ရာမှတစ်ဆင့် ကူးစက်ပျံ့နှံ့စေခြင်းများ ဖြစ်နိုင်ကြောင်း သိရသည်။
ထို့ကြောင့် ကိုရိုနာရောဂါ ကူးစက် ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက်…
ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းစသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားနေရသောသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ။
လူထူထပ်သောနေရာများကို သွားလာခြင်းမှ ရှောင်ကြဉ်ပါ။
လက်ကို စင်ကြယ်အောင် ဆပ်ပြာနှင့် ရေတို့ကို အသုံးပြု၍ မကြာခဏ ဆေးကြောပါ။
နှာချေ၊ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ် လုံခြုံအောင် ဖုံးအုပ်ထားသော အဝတ် ( သို့ ) Mask အသုံးပြုပါ။ အထူးသဖြင့် ဘတ်စ်ကားစီးစဉ် အခြားသူများထံသို့ ရောဂါ မကူးစက်စေရန် သတိပြုပါ။
နှာချေ၊ ချောင်းဆိုးသည့်အခါ တစ်ရှူးအသုံးပြုပါက အမှိုက်ပုံးထဲသို့ သေချာစွာ လွှင့်ပစ်ပါ။
တိရစ္ဆာန်များနှင့် အကာအကွယ် မရှိဘဲ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
အသား၊ ငါးများကို သေချာစွာ ကျက်အောင် စနစ်တကျချက်ပြုတ်ပြီးမှ စားသုံးပါ။
တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုဆောင်ရွက်ပါ။
ကောင်းစွာ အိပ်စက်အနားယူပါ။
အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ။
လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး၌ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ( 274 ) ဦး၊ သံသယလူနာ ( 2 ) ဦးနှင့် ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ ( 20 ) ဦး ရှိပြီး ကိုရိုနာအတည်ပြုလူနာ ( 3 ) စတင်တွေ့ရှိပြီ ဖြစ်ကြောင်း သိရသည်။
Su Mon Oo ( Mine )
Source - MOHS