အောက်စီဂျင်ဆိုတာက ကျွန်တော်တို့ လူသားတွေ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပါတယ်။ အကယ်၍ သင့်မှာ အဆုတ်ရောဂါ သို့မဟုတ် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေရှိနေပါက ခန္ဓာကိုယ်အတွက်လေကို လုံလောက်စွာရဖို့ ခက်ခဲ့ပါတယ်။ အသက်ရှူကြပ်လာပါက သင့်ရဲ့ နှလုံး၊ ဦးနှောက်နဲ့ သင့်ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေမှာ ပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။
အသက်ရှူကြပ်ခြင်း၊ လေကောင်းကောင်းမရတဲ့အခါ အောက်စီဂျင်အကူအညီနဲ့ အသက်ရှူလုပ်ငန်းကို ကောင်းကောင်းမွန်မွန်လည်ပတ်နိုင်ပါတယ်။ နောက်ပြီး အခုလို Covid-19 ရောဂါပျံ့ပွားလာချိန်မှာ ရောဂါကူးစက်တဲ့ သူတွေအတွက် အောက်စီဂျင်ကမရှိမဖြစ်လိုအပ်ပါတယ်။ Covid ပိုးက အဆုတ်ကို အဓိက ဒုက္ခပေးတာဖြစ်လို့ အသက်ရှူလမ်းကြောင်းကို တိုက်ရိုက်ထိခိုက်စေပါတယ်။

ဒါ့ကြောင့် Covid-19 ရောဂါကူးစက်ခံထားရတဲ့ သက်ကြီးရွယ်အိုတွေ၊ ခုခံအားနည်းတဲ့ သူတွေအတွက် အောက်စီဂျင်က မဖြစ်မနေကိုလိုအပ်ပါတယ်။ တချို့က Quarantine Center ကို မသွားချင်ကြလို့ Home Quarantine နေကြပါတယ်။ Home Quarantine ဆိုပေမယ့်လည်း လူနာအနေနဲ့ အောက်စီဂျင်က လိုအပ်ပါတယ်။
ဆေးရုံဆေးခန်းတွေမှာဆိုရင် အောက်စီဂျင်အိုးကစိတ်ချရပေမယ့် လူနေအိမ်မှာဆိုရင်တော့ အောက်စီဂျင်ဘူးအတွက် အထားအသိုက ဂရုစိုက်ရပါမယ်။ အောက်ဆီဂျင်အိုးတွေကို ဝယ်ယူပြီး အိမ်မှာဆောင်ထားကြမယ်ဆိုရင် အောက်စီဂျင်အိုးကို အန္တရာယ်ကင်းကင်းနဲ့ လုံခြုံအောင် ထိန်းသိမ်းဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ ရှိပါတယ်။

(1) အောက်စီဂျင်အိုးနားမှာ ဆေးလိပ်မသောက်ရပါဘူး။ အောက်ဆီဂျင်ဟာ ကိုယ်တိုင်မီးမလောင်နိုင်ပါဘူး။ ဒါပေမယ့် မီးလောင်ခြင်းကို အားပေးပါတယ်။ ဒါကြောင့် မီးဖိုဘေး၊ မီးနဲ့ပတ်သက်တဲ့ နေရာတွေနဲ့ ဝေးဝေးထားပေးရပါမယ်။
(2) ပူစေတဲ့အရာတွေနဲ့ အနည်းဆုံး (၅) ပေအကွာမှာ ထားရပါမယ်။ ပူစေတဲ့အရာတွေထဲမှာ ဓာတ်ငွေ့မီးဖို၊ ဖယောင်းတိုင်၊ မီးထွန်းရန်မီးနဲ့ လျှပ်စစ် သို့မဟုတ် ဓာတ်ငွေ့အပူပေးစက် စတာတွေ ပါဝင်ပါတယ်။ မီးပျက်လို့ဆိုပြီး အောက်စီဂျင်အိုးပေါ်မှာ ဖယောင်းတိုင်ထွန်းတာမျိုး လုံးဝ လုံးဝမလုပ်ရပါဘူး။

(3) လေဖြည့်ထားတဲ့ အောက်ဆီဂျင်အိုးဟာ အတွင်းထဲမှာ လေပေါင် Pressure 1800 psi ရှိတာမို့ လေရှိနေတဲ့အိုးတွေကို ထုရိုက်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်းပစ်ချခြင်းမျိုးကို ရှောင်ကြဉ်ရပါမယ်။ အောက်ဆီဂျင်အိုးကို လဲကျခြင်းမဖြစ်အောင် ခိုင်မာတဲ့ တစ်ခုခုမှာ ချည်နှောင်ထားရပါမယ်။
(4) အရေးအကြီးဆုံးကတော့ အောက်ဆီဂျင်အိုးတွေဟာ ဆီမှန်သမျှကြောက်ပါတယ်။ ဓါတ်ဆီ၊ ဒီဇယ်၊ စားဆီ၊ ခေါင်းလိမ်းဆီ စသည်များနှင့် လုံးဝမထိမိအောင်ထားစေချင်ပါတယ်။ လှည့်တဲ့ ဝှီးဘားလေးကြပ်နေလို့ ဆီလေးထည့်လိုက်မယ်ဆိုတာမျိုးတွေ လုံးဝလုံးဝ မလုပ်မိပါစေနဲ့။ filling လုပ်တဲ့အချိန်ပေါက်ကွဲစေတတ်ပါတယ်။
ဒါ့ကြောင့် အိမ်မှာ အောက်စီဂျင်အိုးရှိပါက ပေါ့ပေါ့ပျက်ပျက် မနေဘဲ သတိကြီးကြီးနဲ့ ဂရုတစိုက်ကိုင်တွယ်သင့်ပါတယ်။ နောက်ပြီး ရန်ကုန်မြို့မှာ အောက်ဆီဂျင်အိုးရနိုင်မယ့် နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

#Crd_Sources