Health

Covid-19 သေဆုံးလူနာ C-5 သွားလာနေထိုင်ခဲ့သော ခရီးနေရာများ

Read 743 times

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျ နိုင်ငံတွင် (၁) လခန့် ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ အပြန်တွင် စင်္ကာပူနိုင်ငံ၌ (၄) ရက်ခန့် နေထိုင်ခဲ့ပြီးနောက် (၁၄-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

(၁၀-၃-၂၀၂၀) ရက်နေ့တွင် Australia မှ Singapore သို့ Emarte Airline SG EK -405 ဖြင့်လည်းကောင်း၊ (၁၄-၃-၂၀၂၀) ရက်နေ့တွင် Singapore မှ ရန်ကုန်သို့ Aireline 8M – 232 ဖြင့်လည်းကောင်းစီးနင်းလိုက်ပါလာခဲ့ပါသည်။

၎င်းသည် (၁၈-၃-၂၀၂၀) ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ (၂၅-၃-၂၀၂၀) ရက်နေ့တွင် တက်ရောက်ဆေးကုသမှုခံယူခဲ့ရာ ၎င်းအား အထူးကြပ်မတ်ကုသဆောင် (ICU) တွင်ကုသမှုပေးခဲ့ပြီး ဓါတ်ခွဲနမူနာရယူကာ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၌ (၂၆-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးခဲ့ရာတွင် COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် ဓာတ်ခွဲ အတည်ပြုလူနာ (Case-05) အဖြစ် (၂၇-၃-၂၀၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

အဆိုပါလူနာအား (၂၇-၃-၂၀၂၀)ရက်၊ နံနက်တွင် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်း၍ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ဆက်လက် ကုသမှုပေးခဲ့ပါသည်။

အဆိုပါ အသက် (၆၉) နှစ်အရွယ် အမျိုးသားလူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးရှိ ပါမောက္ခသမားတော်ကြီးများ ပါဝင်သောအဖွဲ့မှ ဆေးကုသမှုလုပ်ငန်းများဆောင်ရွက်ခဲ့သော်လည်း လူနာ၏ အခြေအနေမှာ (၃၁-၃-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ပိုမိုဆိုးရွားလာပြီး နံနက် (၇:၂၅) နာရီအချိန်တွင် ကွယ်လွန်သွားခဲ့ပါသည်။

သေဆုံးရသည့် အကြောင်းအရင်း (Cause of Death) မှာ -
(၁) လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်၍ သွေးဆိပ်တက်ခြင်း (Acute Respiratory Distress Syndrome with Septic Shock)
(၂) COVID-19 ကြောင့် ဖြစ်ပွားသော ပြင်းထန်အဆုတ်ရောင်ရောဂါ (COVID-19 with Severe Community Acquired Pneumonia)
(၃) နှာခေါင်းကင်ဆာရောဂါအား ဓါတ်ရောင်ခြည်ဖြင့် ဆေးကုမှုခံယူနေခြင်း (Underlying CA Nose with Radio Therapy)
များကြောင့် သေဆုံးခဲ့သည်ဟု သတ်မှတ်ခဲ့ပါသည်။

(Case - 05) လူနာသည် အသက်အရွယ်ကြီးရင့်ခြင်း၊ ကင်ဆာရောဂါအခံရှိခြင်းနှင့် ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ကုသမှုခံယူခဲ့ရသဖြင့် ခုခံအားကျဆင်းနေခြင်း အချက်များကြောင့် COVID-19 ပိုမိုပြင်းထန်ပြီး အသက်သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

MOHS

Bookmark