Myanmar Marketing Research & Development (MMRD) ၏ ဌာနခွဲတစ်ခုဖြစ်သော Business Insight ၏ ဖော်ပြချက်အရ ၂၀၁၆ ခုနှစ်မှ စတင်ပြုလုပ်ခဲ့သော စစ်တမ်းများတွင် Business Sentiment Survey (BSS) ၏ ယခု ၂၀၂၀ ခုနှစ်အတွက် လက်ရှိအဖြများသည် အဆိုးရွားဆုံး ဖြစ်နေသည်ကို တွေ့ရှိရသည်။
၂၀၂၀ ခုနှစ် ဇွန်လ (၃၀) ရက်နေ့တွင် စီးပွားရေးလုပ်ငန်း ၂၀၀၀ ဝန်းကျင်အား အွန်လိုင်းစစ်တမ်းကောက်ယူခြင်း၊ လူတွေ့ မေးမြန်းခြင်းများ ပြုလုပ်ခဲ့ရာ ယခင် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ၇၂%၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ၃၇% စသဖြင့် နှိုင်းယှဉ်သော် ယခုနှစ် စစ်တမ်းတွင် ၉၀ % သည် ၎င်းတို့၏ စီးပွားရေး အခြေအနေများမကောင်းဟု ဖြေဆိုခဲ့ကြသည်။
မြန်မာနိုင်ငံ စီးပွားရေးအခြေအနေ မကောင်းရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကပ်ရောဂါ Covid-19 ကြောင့်ဖြစ်ပြီး ဖြေဆိုသူ၏ ၉၄% မှာလည်း ကပ်ရောဂါသည် ၎င်းတို့၏ စီးပွားရေးအား ထိခိုက်စေခဲ့သည်ဟု ဖြေဆိုခဲ့ကြသည်။ ထို ၉၄% အနက် ၃၇%၏ စီးပွားရေးလုပ်ငန်းသည် ဆိုးရွားစွာ ထိခိုက်နေပြီး၊ ၅၇% သည် အသင့်အတင့် ထိခိုက်ခဲ့သည်။
ယခု ထပ်မံပြုလုပ်နေသော BSS စစ်တမ်းတွင်မူ စီးပွားရေး ၁၀ခု အနက် ၆ခုသည် ပြန်လည်ထူထောင်ရန် ယုံကြည်ချက်မရှိ ဟူသောအချက်ဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးယုံကြည်မှုအား ဖော်ပြခဲ့သည်။
စီးပွားရေးသဘောထားများ စစ်တမ်းကို ၂၀၁၆ ခုနှစ်မှစ၍ ပုံမှန်ကောက်ယူခဲ့ပြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအတွက် ပြဿနာများ ဖြေရှင်းနိုင်ရန် နည်းလမ်းများကို ရှာဖွေဖော်ထုတ်လျက် ရှိပါသည်။
ယခု UMFCCI သည် BSS စစ်တမ်း၏ တွေ့ရှိချက်များကို ပြန်လည်သုံးသပ်ကာ စီးပွားရေးဆိုင်ရာ အခက်အခဲများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း၊ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများသို့ တင်ပြခြင်း စသည့် B4B ဟု ခေါ်သော (စီးပွားရေးအတွက်စီးပွားရေး) ဖိုရမ်နှစ်ခုကို ပြုလုပ်ခဲ့သည်။
UMFCCI သုတေသနနှင့် စီးပွားရေးမူဝါဒ လေ့လာတင်ပြရေးကော်မတီ၏ ဒုတိယဥက္ကဌဖြစ်ပြီး Business Sentiment Survey ၏ တည်ထောင်သူ CEC ဦးမိုးကျော်က " စီးပွားရေးလုပ်ငန်းတွေက သူတို့ရဲ့ စီးပွားရေးအခြေအနေ မကောင်းတဲ့အခါ Complain တက်ကြတယ်၊ အခုဆိုရင် သူတို့ရဲ့ အခြေအနေတွေကို Business Sentiment Survey မှာ တစ်စုတစ်စည်းတည်း ဖော်ပြလို့ရတာပေါ့ ” ဟု ပြောကြားခဲ့ပါသည်။
စစ်တမ်းတွင် ပါဝင်ခဲ့ကြသူများအား ငွေကျပ် (၄) သန်း တန်ဖိုးရှိသော ရုံးသုံးပရိဘောဂ ပစ္စည်းများနှင့် ကမ္ဘာ့အထင်ရှားဆုံးနှင့် အသုံးများသော Herman Miller မှ Executive Chair “ Aron” ကို ကံစမ်းမဲ အစီအစဉ်တွင် မဲဖောက်ပေးအပ်ပါမည်။
ဤစစ်တမ်းသည် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့်သာ ကြာမြင့်ပြီး အွန်လိုင်းတွင် ဖြေဆို၍ ရနိုင်ပါသည်။ ပါဝင်ဖြေဆိုလိုသော စီးပွားရေးလုပ်ငန်းများသည် အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖြေဆိုနိုင်ပြီး ၂၀၂၀ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ပါသည်။
Business Sentiment Survey အကြောင်းကို ပိုမို သိရှိလိုပါက Official Website Link - https://bit.ly/38vREJf (သို့) Facebook စာမျက်နှာ “Business Sentiment Survey” တွင်လည်းကောင်း၊ [email protected] သို့ Email ဖြင့်လည်းကောင်း၊ ဖုန်းနံပါတ် 01-200326, 01200846 သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။
WMMH (Mizzy)