by Kael
COVID-19 ကြောင့် အခက်တွေ့နေရသည့် လုပ်ငန်းရှင်များအား အထောက်အပံ့ဖြစ်စေရန် ဒုတိယအကြိမ် ချေးငွေလျှောက်ထားခြင်းကို UMFFCC က ဇူလိုင်လ (၂၉) ရက်မှ သြဂုတ်လ (၁၀) ရက်နေ့အထိ ခွင့်ပြုပေးခဲ့သည်။
ထိုချေးငွေကို လာရောက်လျှောက်ထားသူ (၁၀,၀၀၀) ကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးမှ လျှောက်ထားသူ (၂၅%) နှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လာရောက်လျှောက်ထားသူ (၇၅%) ရှိသည်ဟု ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။
ချေးငွေလျှောက်ထားသည့် လုပ်ငန်းအများစုမှာ ပြည်ပပို့ကုန် ထုတ်လုပ်သည့် လုပ်ငန်းများ၊ သွင်းကုန်အစားထိုးပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည့် လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့် ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများ အများဆုံးဖြစ်သည်ဟုလည်း သိရသည်။
သြဂုတ်လ (၁၁) ရက်မှ စတင်ကာ သက်ဆိုင်ရာဌာနများဖြစ်သည့်…
SME Development Department ၊
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ( DICA )၊
မြန်မာ့စီးပွားရေးဘဏ်၊
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊
ပညာရေးဝန်ကြီးဌာန ( နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန)၊
ကုန်သွယ်ရေးဦးစီးဌာန ( စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန )၊
ငါးလုပ်ငန်းဦးစီးဌာန၊
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊
အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများအပြင် မိတ်ဖက်အသင်း (၂၁) သင်းမှ တာဝန်ရှိသူများနှင့်အတူ ချေးငွေပဏာမ စိစစ်ရေးများ ဆောင်ရွက်နေပြီ ဖြစ်သည်။
ပထမအကြိမ် ချေးငွေ ခွင့်ပြုခဲ့စဥ်က အတွေ့အကြုံများကြောင့် ယခုဒုတိယအကြိမ်တွင် ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ထားကြောင်းလည်း ပြောကြားခဲ့သည်။