သိပ္ပံပညာရှင်များ၏ ပြောကြားချက်အရ ကိုရိုနာဗိုင်းရပ်စ် အပါအဝင် ဗိုင်းရပ်စ်ပိုးများသည် လက်ကိုင်ဖုန်းများပေါ်တွင် ၉ ရက်ခန့်အထိ အသက်ရှင်နေနိုင်သည်ဟု နယူးယောက်ပို့စ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ထို့ကြောင့် သင့်ဖုန်းကို ကောက်ကိုင်ကာ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် သတင်းများကို မရှာဖွေမီပင် သင့်ကိုဗိုင်းရပ်စ်ကူးစက်နိုင်သည်ကို သတိပြုပါ။
ဂျာမာန်သုတေသနပညာရှင်တို့၏ ပြောကြားချက်အရ ဖုန်းကိုပြုလုပ်သည့် ပစ္စည်းများဖြစ်သော သတ္တု၊ ဖန်၊ ပလတ်စတစ်အစရှိသည့် သက်မဲ့ ပစ္စည်းအားလုံးအပေါ်တွင် ၉ ရက်တာ အသက်ရှင်နိုင်သည်ဟု ဆိုသည်။
ဂျာမန်သုတေသနာပညာရှင်တို့၏ လေ့လာတွေ့ရှိချက်ကို Journal of Hospital Infection တွင် ပုံနှိပ်ဖော်ပြခဲ့ခြင်းဖြစ်သည်။
ယင်းလေ့လာချက်သည် ယခင်ဖြစ်ပွားခဲ့သည့်ရောဂါများဖြစ်သော ဆားစ်ရောဂါ (Severe Acute Respiratory Syndrome) ၊ မားစ် ရောဂါ (Middle East Respiratory Syndrome) နှင့် နိုင်ငံအလိုက်ပျံ့ပွားသော လူသားတို့တွင်ကူးစက်သည့် ကိုရိုနာဗိုင်းရပ်စ် (HcoV) ရောဂါများတွင် လေ့လာခဲ့သော လေ့လာချက် ၂၂ ရပ်အပေါ် အခြေခံထားခြင်း ဖြစ်သည်။
လေ့လာချက်များအရ ဆိုဒီယမ် ဟိုက်ပိုကလိုရိုက်ဒ် (အစွန်းချွတ်ဆေး) ၀ ဒသမ ၁ ရာခိုင်နှုန်းနှင့် အီသနော (လက်ဆေးရည် hand sanitizers) ၆၂ ရာခိုင်နှုန်းမှ ၇၁ ရာခိုင်နှုန်းအကြား ရောစပ်ကာ လက်ကိုင်ဖုန်းများကို တစ်မိနစ်ခန့် အချိန်ယူ သန့်ရှင်းပေးရမည် ဖြစ်သည်။
အဆိုပါ ရောစပ်ရည်ဖြင့် သန့်စင်ရာတွင် စပရေးဖြန်းသကဲ့သို့ ဖြန်းချခြင်းမပြုလုပ်ရပါ။ နူးညံ့သောအဝတ်စတွင် ဆွတ်ကာ ပွတ်ပေးရမည် ဖြစ်သည်။
တရုတ်ပြည်မှ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန၏ သုတေသနပညာရှင်များ တွေ့ရှိချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတို့၏ မစင်တွင် ဗိုင်းရပ်စ်များ ရှင်သန်ပေါက်ဖွားနေကြောင်း ပြောကြားသည်။
ထို့ကြောင့် ဗိုင်းရပ်စ်သည် နှာချေခြင်း၊ ချောင်းဆိုးခြင်းမှ ထွက်လာသည့်အမှုန်များတွင် တွေ့ရသည့်နည်းတူ မစင်တွင်လည်း ပေါက်ဖွားသည်ဟု ဆိုလိုသည်။
များစွာသောသူတို့သည် အိမ်သာသို့ ဖုန်းများယူဆောင်သွားကာ အချိန်ကြာမြင့်စွာ သုံးစွဲလေ့ရှိကြသည်။ အိမ်သာသည် ဗိုင်းရပ်စ်ပိုး မျိုးစုံပေါက်ဖွားရှင်သန်ရာအရပ်ဖြစ်ပြီး အထူးသဖြင့် ယခုကာလတွင် ကိုရိုနာဗိုင်းရပ်စ်များ ရှိနေနိုင်သည်။
အမေရိကန်ပြည်ထောင်စု ၊ အရီဇိုးနားတက္ကသိုလ်မှ အနုဇီဝဗေဒနှင့်ကိုယ်ခံအားစနစ်ဆိုင်ရာ ပါမောက္ခ ချားလ်စ် ဂါဘာက ပြောကြားရာတွင် လူတို့၏လက်သည် မသန့်ရှင်းသောနေရာများကို ထိကိုင်ပြီး ချက်ချင်းဆိုသလို ဖုန်းကို ကိုင်လေ့ရှိသဖြင့် ဖုန်းသည် အလွန်အန္တရာယ်ကြီးမားသည့် ပစ္စည်းတစ်ခုဖြစ်လာကြောင်း ပြောကြားသည်။
iMyanmarHouse