ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများကို သြဂုတ်လ (၂၇) ရက်မှ စတင်၍ ယာယီပိတ်သိမ်းရမည်ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
ပိတ်သိမ်းရမည့် အထဲတွင် အစိုးရအထက်တန်းကျောင်း (၄၀၈) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၁၈၉) ကျောင်း ပါဝင်မည်ဖြစ်ပြီး စုစုပေါင်း (၅၉၇) ကျောင်း ရှိသည်။
ဇူလိုင်လနောက်ဆုံးပတ်တွင် အစိုးရမှ အထက်တန်းကျောင်းများကို ပြန်လည် ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူပေါင်း (၁) သန်း ကျော် ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် ယခုအပတ်အတွင်း COVID-19 ကူးစက်သူများ တိုးပွားလာသည့်အတွက် ကျောင်းများအားလုံးပိတ်ကာ စစ်တွေအပါအဝင် မြို့နယ် (၅) ခုရှိ ပြည်သူများအားလုံး အိမ်တွင်နေထိုင်ရန် (Stay At Home) အမိန့်ကိုလည်း ထုတ်ပြန်ထားသည်။
ယနေ့ (၂၇.၈.၂၀၂၀) နံနက်တွင် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ စစ်ဆေးချက်အရ COVID-19 အတည်ပြုလူနာ (၇၀) ဦး ထပ်မံတွေ့ရှိရသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် ပိုမိုလိုအပ်လျက် ရှိသည်။