Careers & Jobs

၁၇.၉.၂၀၂၀ မှ ၂၃.၉.၂၀၂၀ အထိ ၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း

Read 1198 times

၇ရက်သားသမီးများအတွက် တစ်ပတ်စာ ဟောစာတမ်းကို ဖော်ပြပေးလိုက်ပေးလိုက်ပါတယ်။

တနင်္ဂနွေ

ဤကာလအတွင်း  ငွေကြေးကိစ္စအ၀၀အတွက် ပူပန်ရတတ်ပါတယ်။ အသုံးအစွဲအပေးအယူတတ်ဖို့ လိုတဲ့အချိန် ပါပဲ။ ဝန်ထမ်းလခစားဖြစ်ပါက မိမိအပြောကြောင့် တစ်ဖက်သူ၏ အငြိုးအတေးပြုခြင်း၊ အမုန်းပွားခြင်းကို ခံရတတ်ပါသည်။ ကျန်းမာရေးမှာ မတော်တဆ ထိခိုက်အနာတရဖြစ်တတ်ခြင်း၊ ဦးခေါင်းပိုင်းတွင် ထိခိုက်ခံရခြင်းအတွက် အထူးသတိထားရန် လိုအပ်ပါသည်။ အိုးအိမ်နှင့် ပတ်သက်၍ ဖြစ်စေ၊ မည်သည့်လုပ်ငန်းပင်ဖြစ်စေ အခြေချလုပ်ကိုင်မည်ဆိုပါက ရေရှည်တွင် အကျိုးပေးနိုင်ပါသည်။ ပြည်ပနှင့် ဆက်သွယ်လုပ်ကိုင်တားသော စီးပွားရေးလုပ်ငန်းတို့မှလည်း အခြေအနေကောင်းနေမည်။ သို့သော် မည်သည့်လုပ်ငန်းကိုမဆို ငွေကြေးအလုံးအရင်းနှင့် (သို့) ရှိစုမဲ့စုကို ပုံအောလုပ်ကိုင်ခြင်းမျိုး လုံးဝမလုပ်ကိုင်ပါနှင့်။ အိမ်ထောင်ရှင်များဖြစ်ပါက အိမ်တွင်းရေး အေးချမ်းမှုရှိမည်။ မိမိအိမ်ထောင်ဖက်နှင့်ပတ်သက်၍လည်း အမွေအနှစ်များ ရရှိတတ်ပါသည်။ ကြီးကြီးမားမား အလှူအတန်း ကုသိုလ်များ ပြုရတတ်သည်။ အချစ်ရေးတွင် အချစ်ရှိပြီးသူများ တစ်ဦးနှင့်တစ်ဦး မခွဲနိုင်မခွာရက် ဖြစ်နေရသော်လည်း ဤကာလတွင် ခေတ္တခွဲခွာစရာ အကြောင်းအရာများ ပေါ်ပေါက်လာမည်။ ပညာရေးကဏ္ဍများတွင်တော့ မိမိကိုယ်တိုင်က မိသားစုအရေးကိစ္စတွေကြောင့် ပညာရေးဘက်မလှည့်နိုင်ဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း - ၅/၃/၉

အထူးဟော - စကားအပြောအဆိုလိမ္မာပါးနပ်ဖို့လိုပါတယ်။

ယတြာ - သင်္ဘောသီးကိုခွဲစိပ်ပြီး သကြားဖြူ၍ ဘုရားရှင်အားကပ်လှူပေးပါ။

 

တနင်္လာ

ဤကာလအတွင်း စီးပွားရေးလုပ်ငန်းများကို အခြေချလုပ်ကိုင်နိုင်ရန် ခိုင်မာသော ဆုံးဖြတ်ချက်ကို ချမည်  ဆိုပါက အမိအဘအကြီးအကဲတွေနဲ့တိုင်ပင်လုပ်ကိုင်သင့်ပါသည်။ ကျန်းမာရေးမှာ အံဆုံးပေါက်ခြင်း၊ သွားကိုက်၊ သွားနာခြင်း၊ ခွဲစိတ်ကုသခံယူရခြင်းများရှိတတ်သလိုကူးစက်ရောဂါရလွယ်တဲ့အချိန်မို့သတိရှိဖို့တိုက်တွန်းအပ်ပါ တယ်။ ချေးထားတဲ့ငွေ ဆုံးခြင်းများရှိမည်။ မျိုးရိုးစဉ်ဆက်လုပ်ကိုင်သော စီးပွားရေး လုပ်ငန်းမှ ကျော်လွန်သော အခြားစီးပွားရေး လုပ်ငန်း လုပ်ကိုင်ပါက အဆင်ပြေအောင်မြင်မှုကို ပိုမိုရရှိနိုင်ပါသည်။ ယခုကာလအတွင်း မိမိပြော ဆိုသမျှ ဆောင်ရွက်သမျှ အဆင်ပြေအောင်မြင်မည်။ မိတ်ကောင်း၊ ဆွေကောင်း အကြီးအကဲများထံမှ အကြံဉာဏ် ကောင်းများ၊ ထူးခြားသော အတတ်ပညာကောင်းများ လက်ခံရရှိမည်။ ဝန်ထမ်းလခစား ဖြစ်ပါက လက်ရှိလုပ်ငန်း နေရာဌာနတွင် မည်မျှပင် အဆင်ပြေနေသော်လည်း လုပ်ငန်းတွင်မပျော် ပြောင်းလဲ လိုသော ဆန္ဒများ ပြင်းပြနေမည်။ ပညာရေးနှင့်ပတ်သက်၍ ကံကောင်းမည်။ အလုပ်အကိုင်ရှာဖွေသူဖြစ်ပါက လုပ်ငန်းတစ်ဖက်၊ ပညာတစ်ဖက်တွဲ၍ လုပ်ကိုင်ရတတ်သည်။ လုပ်ငန်းနှစ်မျိုးအား တစ်ပြိုင်တည်း လုပ်ကိုင်ရခြင်းမျိုးနှင့် ကြုံရတတ်ပါသည်။ ငယ်ရွယ်သူ များအဖို့ အချစ်ရေး ကံကောင်းနေမည်။ အိမ်ထောင်ရေးသဘောထား မတိုက်ဆိုင်တာတွေများနေတတ်ပါတယ်။

 

အကျိုးပေးဂဏန်း - ၂/၆/၇

အထူးဟော - ကျန်းမာရေးအလေးထားဂရုစိုက်နေထိုင်ပါ။

ယတြာ - ဆေးနဲ့ပက်သက်တဲ့အလှူလေးတွေ လုပ်ပေးပါ။

 

အင်္ဂါ

ဤကာလအတွင်း မိမိရဲ့ကြိုတင်ပြင်ဆင် လုပ်ကိုင်ဆောင်ရွက်ထားမှုများက လက်ရှိအချိန်မှာ အလွန်အဆင်ပြေပါလိမ့်မယ်။အောင်မြင်မှု အခွင့်အလမ်းများ၊ သူ့အလိုလို ပေါ်ပေါက်လာမည်။ အလုပ်အကိုင် ရှာဖွေသူဖြစ်ပါက ယခင်ကာလ အဆင်မပြေမှုများ ရှိသော်လည်း ယခုကာလအတွင်း အဆင်ပြေသွားနိုင်ပါသည်။ အရပ်ဝေးမှ စာသော် လည်းကောင်း၊ လူသော်လည်းကောင်း၊ သတင်းများသော်လည်းကောင်း လက်ခံရရှိနိုင်သည်။ စီးပွားရေးလုပ်ငန်းတွင် အတိုက်အခံများ ရှိသော်လည်း မိမိရည်ရွယ်ထားသည့်အတိုင်း တစ်စိုက်မတ်မတ် လုပ်ကိုင်ခြင်းကြောင့် အတိုက်အခံများကြားတွင် အောင်မြင်မှုများ ရရှိမည်။ ကျန်းမာရေးနှင့်ပတ်သက်၍ ကိုယ်အလေးချိန်တိုးခြင်း၊ အသည်းအဆီဖုံးခြင်း၊ ကိုယ်ခန္ဓာနာကျင်ကိုက်ခဲခြင်း ဝေဒနာများ ဖြစ်ပေါ်ခစားရတတ်သည်။ ငယ်ရွယ်သူတို့၏ အချစ်ရေးမှာ သည်းခံ၊ ခွင့်လွှတ်၊ နားလည်မှုပေးနိုင်မှ ခိုင်မြဲနေမည်။ အိမ်ထောင်ရှင် ဖြစ်ပါက မိမိ၏အိမ်ထောင်ဘက်နှင့် သဘောထားကွဲလွဲမှုများရှိမည်။ ယခုကာလအတွင်း ခရီးသွားရန် ကြံစည်ထားပါက အဆင်မပြေရက်ရွှေ့ရတတ်ပါသည်။ ပညာသင်ကျောင်းသားများ အနေဖြင့် ပညာရေးကံကောင်းပြီး အတတ်ပညာနှင့် ဘဝအတွက် တိုးတတ်မှုများကို ရှာဖွေနိုင်သော အနေအထားတွင်ရှိသည်။

အကျိုးပေးဂဏန်း - ၁/၇/၃

အထူးဟော - ကံမြင့်မားနေတတ်ပါတယ်။

ယတြာ - ငါးခြောက်ကြော်နှင့်ဘုရားရှင်အားဆွမ်းကပ်ပါ။

 

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း လူချစ်လူခင်များခြင်း၊ စန်းအားကောင်းခြင်းများ ကြုံရတတ်ပါတယ်။ အိမ်တွင်းရေး သာယာစိုပြေနေတာမျိုး၊ မိသားစုစုံညီရှိနေတာမျိုး ကြုံရတတ်ပါတယ်။ အိုင်တီနှင့်ပတ်သက်၍ ဆက်နွယ်လုပ်ကိုင်နေသော လုပ်ငန်းများ အကျိုးဖြစ်ထွန်းမှုရှိမည်။ ကျန်းမာရေးနှင့် ပတ်သက်၍ အဆုတ်ပွခြင်း၊ အဆုတ်ရောင်ခြင်း စသည့် အဆုတ်ဆိုင်ရာ ဝေဒနာတစ်ခုခု ဖြစ်ပေါ်ခံစားရတတ်သည်။ စီးပွားရေးလုပ်ငန်းတွင် စပ်တူရှယ်ယာ အစုစပ် လုပ်ကိုင်ရန် ကမ်းလှမ်းလာမှုများလည်းရှိမည်။ သို့သော် မိမိ၏ အရေးကြီးကိစ္စများကို အင်္ဂါ၊ တနင်္လာသားသမီး များနှင့် ပြောဆိုတိုင်ပင်၊ အကြံဉာဏ်တောင်းကာ အကောင် အထည်ဖေါ်သင့်သည်။ ဤကာလအတွင်း သင်သည် ဘာသာရေးအလုပ်များကို အချိန်ပေးပြီး ထိထိရောက်ရောက် လုပ်ကိုင်သင့်ပါသည်။ ဝန်ထမ်းဖြစ်ပါက အားနာတတ်မှုကြောင့် ပြဿနာများ ပေါ်ပေါက်တတ်သည်။ အိမ်ထောင်ရှင်ဖြစ်ပါက မိသားစုတကွဲတပြားစီနေရခြင်းမှ အတူတကွ ပြန်လည်နေထိုင်ရတတ်သည်။ ပျိုရွယ်သူများ လူချစ်၊ လူခင်ပေါများသကဲ့သို့ မိမိအပေါ် ကိုယ့်ချစ်သူနဲ့ ပတ်သက်ပြီး မုန်းနေသူများလည်းရှိနေမည်။ အသွားအလာ၊ အနေအထိုင် သတိရှိသင့်သည်။ ပညာသင်ကျောင်းသား ဖြစ်ပါက လက်တွေ့အခြေအနေနှင့် မိမိဆန္ဒများ လွဲချော်မှုများ ရှိနေနိုင်ပါသည်။ သည်ခံစိတ်မွေးပြီး အချိန်အခါ ကောင်းကို စောင့်ဆိုင်းသင့်သည်။

အကျိုးပေးဂဏန်း  - ၁/၂/၉

အထူးဟော - လူချစ်လူခင်ပေါများနေတတ်သည်။

ယတြာ - ကြက်ဥလေးတွေဝယ်ပြီး နွမ်းပါးသူတွေကိုနိုင်သလောက်ပေးလိုက်ပါ။

 

ကြာသပတေး

ဤကာလအတွင်း အညံ့အဆိုးတွေ အနည်းငယ်ရှိနေတတ်ပါတယ်။ အတိုက်အခံများ ရှိနေတတ်သည်။ စိတ်ပင်ပန်း၊ လူပင်ပန်းရခြင်းများလည်းရှိမည်။ သို့သော် စိုးရိမ်စရာမရှိပါ။ ယခုကာလအတွင်း အတတ်နိုင်ဆုံး အနောက်၊ အနောက်တောင်အရပ်သို့ ခရီးဝေးသွားလာခြင်း ရှောင်ကြဉ်ပါ။ ကျန်းမာရေးမှာ ဆီးကျောက်ကပ်ဆိုင်ရာ ဝေဒနာများ ဖြစ်ပေါ်ခံစားရတတ်ပါသည်။ အလောင်းကစားကဲ့သို့သော အလုပ်များမှ ငွေကြေးများစွာ ရရှိတတ်မည်ဖြစ်သော်လည်း ထိုငွေကြေးများသည် သင့်လက်ထဲတွင် မြဲမည်မဟုတ်သောကြောင့် အဆိုပါအလုပ်များကို ရှောင်ကြဉ်သင့်ပါသည်။ ဝန်ထမ်းဖြစ်ပါက အကြီးအကဲများ၏ ယုံကြည်မှု၊ ချစ်ခင်မှုကို ရရှိနိုင်ပါသည်။ လူကြီးများ၏ ချီးမြှင့်မြှောက်စားမှုကြောင့်လည်း အစစအရာရာ အဆင်ပြေတတ် သည်။အမှုဟောင်း၊ပြဿနာဟောင်းတွေပေါ်လာတတ်ပါတယ်။ မိမိဝယ်ထားတဲ့ တစ်ပတ်ရစ်ပစ္စည်းတွေက အပျက်အစီးများနေတတ်ပါတယ်။ အိမ်ထောင်ရှင်ဖြစ်ပါက မကြာခဏ စကားပြော အဆင်မပြေမှုများ ရှိတတ်သော်လည်း ဆိုးဆိုးရွားရွား အခြေအနေမရှိပါ။ အချစ်ရေးနှင့် ပတ်သက်၍ ငယ်ရွယ်သူများ သွားလေရာမျက်နှာပွင့်လန်းမည်။ ချစ်သူတွေ့ရတတ်သည်။ ပညာသင်ကျောင်းသား ဖြစ်ပါက ပြည်ပသို့ သွားရခြင်းများ ရှိမည်။

 

အကျိုးပေးဂဏန်း - ၃/၅/၉

အထူးဟော - ကံအင်အားနေတဲ့အတွက်သတိနဲ့ယှဉ်ပြီးနေထိုင်လုပ်ကိုင်ပါ။

ယတြာ - ကန်စွန်းရွက်ကြော်နှင့်ဘုရားရှင်အားဆွမ်းကပ်ပါ။

 

သောကြာ

ဒီအပတ်အတွင်းကတော့ အောင်မြင်မှုရဲ့ ခြေလှမ်းအစလို့ ပြောလို့ရပါတယ်။အခွင့်အရေးတွေ အခွင့်အလမ်းတွေက ပုံစံပြောင်းပြီး မိမိဆီရောက်လာတတ်ပါတယ်။ ဖမ်းဆုပ်ယူနိုင်သူအဆင်ပြေပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ ပြည်ပနှင့် ဆက်သွယ်လုပ်ကိုင်ရသော စီးပွားရေးလုပ်ငန်းတွင် ထူးထူးခြားခြား ကိစ္စကလေးများ ရှိနေမည်။ ကြီးမားသော အပြောင်းအလဲတစ်စုံတစ်ရာ ဖြစ်ပေါ်တတ်သည်။ ကောင်းသော အပြောင်းအလဲများ ဖြစ်နိုင်မည်။ ယခုအချိန်တွင် အောင်မြင်ရေးလမ်းကြောင်းပေါ်သို့ အခြေချစပြုနေသော အခြေအနေဖြစ်၍ ယခင်က အကောင်အထည်ဖေါ်၍ မရနိုင်ခဲ့သော လုပ်ငန်းကိစ္စများသည် ယခု ကာလတွင်အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်မည်။ မိမိရပိုင် ခွင့်များ ပြန်လည်ရရှိခြင်း၊ မြုပ်နေသော ငွေကြေးများ ရရှိခြင်းရှိမည်။ အိမ်ထောင်ရှင်များ ဖြစ်ပါကလည်း နှစ်ဖက် မိဘများထံမှ အမွေအနှစ်များ ရတတ်ကိန်းရှိပါသည်။ ချစ်သူနဲ့ခရီးထွက်ရန် အခွင့်အရေးများ ပေါ်ပေါက်နိုင်ပါသည်။ အချစ်ရေးအဆင်ပြေတာ များမယ့်ကာလတစ်ခုပါပဲ။ ပညာရေး လိုက်စားသူများ မိမိလေ့လာသင်ကြားလိုသော ဘာသာရပ်များကို သင်ကြားခွင့်ရရှိမည်။ ကျန်းမာရေးတွင် ခန္ဓာကိုယ်လေဖျန်းတတ်ခြင်းနှင့် ရင်ဘက်အောင့်ခြင်း၊ ခါးနာ၊ ခါးအောင့်ခြင်းများ ဖြစ်တတ်သည်။

 

အကျိုးပေးဂဏန်း - ၃/၄/၈

အထူးဟော - အခွင့်အရေးကောင်းတွေလက်လွတ်မခံပါနှင့်။

ယတြာ - ဒဏ်ကြေလိမ်းဆေးတစ်ဗူး လူကြီးသူမတစ်ဦးကိုလက်ဆောင်ပေးပါ။

 

စနေ

ဤကာလများတွင် သင်၏ကံကြမ္မာသည် ကောင်းသည်ဟုလည်း မဆိုနိုင်သလို ဆိုးညံ့လှသည်ဟုလည်း မဆိုနိုင်သေး၍ သတိတော့ထားပါ။ စီးပွားရေးနှင့် ပတ်သက်၍ မိတ်ဆွေအပေါင်းအသင်းများထံမှ အကူအညီများ ရရှိနိုင်ပါသည်။ ရွှေ့ပြောင်း၍မလွယ်ကူသော အိမ်၊မြေ၊တိုက်ခန်း၊ခြံအရောင်းအဝယ်ကိစ္စများ အဆင်ပြေအောင်မြင်မှုရရှိမည်။ ဤကာလအတွင်း မိမိဆန္ဒရှိသည့်အတိုင်း လုပ်ကိုင်နိုင်မည်။ လိင်မတူသူတွေ၊မိမိကိုပိုးပန်းနေသူတွေဆီက အကူအညီတွေ၊အကြံဉာဏ်တွေရလာတတ်ပါတယ်။အိမ်ထောင်ရှင်များ လူမှုရေး ပြဿနာရှုပ် ထွေးမှုများ ရှိတတ်မည်။ သူစိမ်းဧည့်သည်များ သင့်အိမ်သို့ လာရောက်တည်းခို နေထိုင်ခြင်းမျိုးကို လုံးဝမပြုသင့်ပါ။ ဝန်ထမ်းများ ဌာနဆိုင်ရာစာမေးပွဲ ဖြေဆိုရခြင်း၊ သင်တန်းတတ်ရခြင်းများ ရှိမည်။ ငယ်ရွယ်သူများ အချစ်ရေးတွင် ငွေကြေးပြည့်စုံသူ နှင့်တွေ့ရတတ်သည်။ချစ်သူနှစ်ဦး နားလည်မှုအပြည့်နဲ့ ရှေ့ဆက်နိုင်မယ့်ကာလပါပဲ။ပညာရေးနှင့် ပတ်သက်၍ ဘာသာ စကားသင်တန်းတစ်ခုခု တတ်ရောက်ရတတ်သည်။ ကျန်းမာရေးနှင့် ပတ်သက်၍ အူလမ်း ကြောင်း ဆိုင်ရာဝေဒနာများဖြစ်ပေါ်ခံစားရတတ်သည်။ အပူ၊ အစပ်များကိုရှောင်၍ အရည်ရွှမ်းသော အသီးအနှံများကို များများစားခြင်း၊ သန့်ရှင်းသောရေကို များများသောက်ပေးခြင်းတို့ ပြုလုပ်ပေးပါ။

အကျိုးပေးဂဏန်း - ၅/၈/၀

အထူးဟော - လုပ်ငန်းစီးပွားအောင်မြင်ဖို့အတွက်ကူညီမယ့်သူပေါများချိန်ပါ။

ယတြာ - ထန်းလျက်ခဲ၉လုံး ဘုရားကပ်လှူပါ။

 

Bookmark