ခုနှစ်ရက်သားသမီးများအတွက် ၂၀၂၀ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ တစ်ပတ်စာဟောစာတမ်းကို ဖော်ပြလိုက်ပါသည်။
တနင်္ဂနွေသားသမီးများ
ဒီအပတ်အတွင်း ရာထူးမတတ်သော်လည်း ဘဝတစ်ဆင့်မြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရလိမ့်မည်။ ခရီးသွားရန် ကြံရွယ်ထားပြီးမှ ပျက်သွားတတ်သည်။ စီးပွားရေးတွင် စက်ပစ္စည်းပျက်များ ပြင်နေရချိန် ဖြစ်ပါတယ်။ ရောင်းကုန်များ ဈေးကောင်းမရသလို ရောင်းမထွက်ဘဲ ဖြစ်နေလိမ့်မည်။ အခြားသူအလုပ်အတွက် ငွေစိုက်ထုတ်ပေးရခြင်းမျိုး ကြုံရတတ်ပါသည်။ မင်းစိုးရာဇာတို့၏ ချီးမြှောက်မှု၊ ဋ္ဌာနဆိုင်ရာနှင့် စီးပွား တွဲဖက်လုပ်ကိုင်ခြင်းများ ကြုံမည်။ အလုပ်သစ်ချဲ့ခြင်းတွေ ရှောင်သင့်တဲ့ နေ့ရက်တွေပါပဲ။ အလှူအတန်းတွေကို အားပါးတရ လုပ်ခွင့်ရပါလိမ့်မည်။
ပစ္စည်းဟောင်းတစ်ပတ်ရစ်များ ဝယ်ယူခြင်းမျိုး ဒီအပတ်မှာ ရှောင်စေချင်ပါတယ်။ အချစ်မရှိသေးသူများ အတွက် အချစ်သစ်မရှာသင့်ဆုံး ကာလတစ်ခု ဖြစ်နေပါတယ်။ ချစ်မိလျှင် သူငယ်ချင်းအဖြစ်မှ ရပ်တန့်သွားမည်။ အိမ်ထောင်ဖက်သည် သူအလုပ်နဲ့သူများနေတတ်သည်။ အိမ်တွင်းရေးမှာ အေးစက်နေသော်လည်း အေးချမ်းသာယာမှု၊ နားလည်မှုများ ရှိနေမည်။ ကျန်းမာရေးတွင်တော့ လည်ချောင်းနာ၊ အစားပျက်နှင့် ဝမ်းလျှော၊ ဝမ်းပျက်များ ဖြစ်တတ်သည်။ အလွန်အကျွံအိပ်ခြင်းကြောင့် ရောဂါရနိုင်သည်။ ပညာရေးတွင် ပညာသင်ကြားရန် ရည်ရွယ်ထားပြီးမှ အနှောက်အယှက်ကြုံမည်။
အကျိုးပေးဂဏန်း ၁/၅/၂
အထူးဟော ကံအကောင်းအဆိုးမျှနေသည်။
ယတြာ ဖီးကြမ်းငှက်ပျော်သီးတစ်ဖီး ရဟန်းတစ်ပါးကို လှူလိုက်ပါ။
တနင်္လာသားသမီးများ
ဒီကာလအတွင်း ပစ္စည်းပျောက် ရှာမရတာမျိုးတွေ ကြုံရတတ်ပါတယ်။ မီးဘေးအန္တရာယ်၊ ဓါတ်လိုက်မှုမျိုး များလည်း ကြုံနိုင်ပါတယ်။ စက်ပစ္စည်းအဟောင်းများကို ရောင်းဝယ်ခြင်းတို့၊ ခရီးများလာခြင်းတို့ကြောင့် ငွေများစွာရနေမည်။ ပြည်ပသွား၍ လုပ်ကိုင်လိုသူများ အမြန်သွားမှဖြစ်မည်။ အချို့စာရွက်၊ စာတမ်း အလိမ်အညာရှိသော်လည်း ပြေလည်ပြီး သွားရမည်။ ခရီးသွားလုပ်ငန်းများ ယာယီအားဖြင့် ကောင်းသော်လည်း အခက်အခဲအနည်းငယ် ကြုံနိုင်ပါတယ်။ မိသားစုဝင်များနှင့် ပတ်သက်၍ တကျက်ကျက် ရန်ဖြစ်နေရမည်။ အိမ်ထောင်ရေးမှာ ညှိမရတွေ ဖြစ်တတ်သည်။ သားသမီးတို့၏ ပညာရေးကို ဂရုမစိုက်နိုင်ပဲ ဖြစ်နေမည်။
ဘွဲ့လက်မှတ်၊ ဂုဏ်ထူးနှင့်ဆိုင်သော ပညာရပ်များကို သင်ယူရာ၌ များစွာအခက်အခဲ ဖြစ်စေလိမ့်မည်။ အချစ်မရှိ သူများအတွက် အသက်ကြီးသူ၊ မလွတ်လပ်သူကိုမှ ချစ်နေပါမည်။ အချစ်ရေးမှာ အေးတိအေးစက်နှင့် ထုံပေပေ ဘာမျှမသိ၊ နားလည်ရခက်သော အချစ်ဖြစ်နေမည်။ ကျန်းမာရေးတွင် အစားအသောက်ပျက်ခြင်းများ၊ ဝမ်းနူးစာများစားမိ၍ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ရတတ်ပါတယ်။ ခါးနာရောဂါ ဖြစ်လွယ်သည်။ ပစ္စည်းပျောက်ရှာမရတာမျိုးတွေ ကြုံရတတ်ပါတယ်။ မီးဘေးအန္တရာယ်၊ ဓါတ်လိုက်မှုမျိုးများလည်း ကြုံနိုင်ပါတယ်။
အကျိုးပေးဂဏန်း ၃/၆/၉
အထူးဟော အလုပ်တွေကောင်းပေမယ့် အလိမ်အညာခံရတတ်ပါတယ်။
ယတြာ သဇင်ပန်း/သစ္စာပန်း ဘုရားကပ်လှူပေးပါ။
အင်္ဂါသားသမီးများ
ဒီအပတ်အတွင်း စီးပွားရေး ပြန်လည်ကောင်းမွန်လာသောအချိန် ဖြစ်ပါတယ်။ အကျိုးဆောင်အလုပ်နှင့် နှုတ် အပြောဆိုင်ရာ လုပ်ငန်းများမှ ငွေဝင်မည်။ ယာဉ်နှင့်စိန်ရောင်းဝယ်မှုများ အလုပ်ဖြစ်မည်။ စာပေဆိုင်ရာများ ဆက်သွယ်ရေးလုပ်ငန်းများလည်း အကျိုးပေးနေမည်။ စက်ပျက်စီးမှုနှင့် လျှပ်စစ်ဓါတ်အား မလုံလောက်မှုများ တွေ့ကြုံရမည်။ ၎င်းတို့နှင့် ဆိုင်သောလုပ်ငန်းများ နှေးကွေးနေမည်။ ဖြေရှင်းရန် ခက်ခဲသော ထူးခြားဖြစ်ရပ်များ ကြုံမည်။ အလွယ်တကူ ရသည်ဟူ၍ မရှိ၊ ဦးတည်လိုက်တိုင်း နေရာတိုင်း၌ အခက်အခဲရှိမည်။ တိုးချဲ့သော လုပ်ငန်းများ ရပ်တန့်သွားခြင်းများ ရှိမည်။
ခရီးသွားရန် ရည်ရွယ်ထားလျှင် အရှေ့အရပ်သို့သွားပါ။ အိမ်ထောင်ရေးကတော့ သာယာချမ်းမြေ့မှုများ ပြည့်နေပေမည်။ မိဘလိုအချစ်၊ မောင်နှမလိုအချစ်မျိုးဖြင့် နေထိုင်ဖြစ်မည်။ ပညာရေးတွင် ဘာသာရေးနှင့် ဒဿနဆိုင်ရာပညာများ၊ နိုင်ငံရေးရာပညာရပ်များကိုလည်း စာပေကနေ သင်ယူခွင့်ရမည်။ အချစ်ရေးတွင် အမိန့်ပေးတတ်သောသူကိုမှ ချစ်မြတ်နိုးနေမည်။ ချစ်သူက ကိုယ့်ကိုနိုင်စားပါလိမ့်မယ်။ ကျန်းမာရေးတွင် အကြောတတ်၊ အညောင်းကိုက်နေမည်။ ဆေးစားမှားတတ်သည်။ မတည့်သော အစားအသောက် စားမိသဖြင့် ရောဂါရနိုင်ပါတယ်။
အကျိုးပေးဂဏန်း ၄/၇/၀
အထူးဟော တစ်ခုခုလုပ်မယ်ဆို အဖုအထစ်လေးတွေကြုံပြီးမှအဆင်ပြေမည်။
ယတြာ ထန်းလျက် ၁၁လုံးခန့် ဘုရားကပ်လှူပါ။
ဗုဒ္ဓဟူး/ရာဟုသားသမီးများ
ဒီကာလအတွင်း ကိုယ်တိုင်အရောင်းအဝယ်၌ ဈေးကစားနေမိသောအချိန် ဖြစ်သည်။ အိမ်၊ ခြံ၊ မြေအတွက် ရောင်းဈေး၊ ဝယ်ဈေးနှင့် ချိန်နေရင်း ဆွေမျိုးများနှင့် ဈေးတည့်သွားလိမ့်မည်။ အောက်လက်ငယ်သား ဝန်ထမ်းများ အလွန်နှေးကွေးနေ၍ ဆူပူနေရပါလိမ့်မယ်။ စပ်တူရှယ်ယာများအချင်းချင်း ရန်ဖြစ်ပြီး ရှယ်ယာခွဲတာမျိုးတွေထိ ဖြစ်တတ်ပါတယ်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်က နေရာတိုင်းမှာ ဝင်ပါနေမည်။ အိမ်ထောင်ဖက်ကြောင့် လူမှုရေး၊ အလုပ်အကိုင်များ ပျက်တတ်ပါတယ်။
မနာလိုသူတွေရဲ့ ထိုးနှက်တဲ့စကားကို ဥပေက္ခာပြုနိုင်လျှင် အေးချမ်းသောဘဝ ရရှိလိမ့်မည်။ ပန်းချီ၊ ပုံဆွဲ၊ ဂစ်တာတီး၊ ဂရပ်ဖစ်ဒီဇိုင်းစတဲ့ အနုပညာနှင့်ဆိုင်သော ပညာရပ်များကို ပျော်ရွှင်စွာ သင်ယူဖြစ်မည်။ ကွန်ပျူတာ ဆက်သွယ်ရေးပစ္စည်းများ မိဘလူကြီးတွေ ဝယ်ပေးတာမျိုး ကြုံရတတ်ပါတယ်။ အချစ်ရေးတွင် လုပ်ဖေါ်ကိုင်ဖက်တစ်ဦး၏ အချစ်ကို ရရှိလိမ့်မည်။ ချစ်သူနှင့် ခရီးသွားရန် ကြံရွယ်ပြီးမှ ပျက်သွားလိမ့်မည်။ ကျန်းမာရေးတွင် ကိုယ်လက်လှုပ်ရှားမှုနည်းသဖြင့် ကိုယ်လက်မအီမသာ ဖြစ်ပါလိမ့်မယ်။ အမျိုးသမီးများ ဓမ္မတာသွေးလွန်မည်။
အကျိုးပေးဂဏန်း ၁/၅/၈
အထူးဟော ကျန်းမာရေးအနည်းငယ်ဂရုစိုက်ပေးပါ။
ယတြာ ပဲကပ်ကြော်ဘုရားကပ်လှူပေးပါ။
ကြာသပတေးသားသမီးများ
ဒီကာလအတွင်း ဟောင်းနွမ်းနှစ်ကြာသော ကုန်ပစ္စည်းများ ဒိတ်လွန်ပျက်စီးမှု၊ ဆုံးရှုံးမှုများရှိနေမည်။ ဆရာ မိဘနှင့် ဆက်နွယ်သောအလုပ်များ၊ နိုင်ငံရပ်ခြားနှင့် ဆက်နွယ်သောအလုပ်များ လုပ်ကိုင်၍ ငွေဝင်မည်။ အကျိုး ဆောင်လုပ်ငန်းများ လုပ်ဖြစ်မည်။ အလုပ်အကိုင်များ ပြန်လည်ကောင်းမွန်လာချိန် ဖြစ်ပေမယ့် အလုပ်သမား တပည့်များ၏ အလုပ်ထွက်မှုနှင့် ရန်ပြဿနာကြောင့် အနည်းငယ်အခက်အခဲကြုံမည်။ သတင်းအမှားများကို နားထောင်မိရာမှ အရှုံးပေါ်တတ်သည်။ စားသောက်ကုန်နှင့် အဝတ်အထည်၊ ငွေကြေးဖလှယ်မှုများမှ အကျိုးအမြတ်ရလိမ့်မည်။
အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်၏ အသုံးအဖြုန်းကြီးမှုကြောင့် စကားများရဖွယ်ရှိသည်။ မိသားစု၏အခက်အခဲများကို သဘောထားကွဲလွဲစွာ အယူအဆကိုယ်စီဖြင့် ဖြေရှင်းဖြစ်လိမ့်မည်။ ပညာရေးတွင် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာပညာနှင့် ဆက်သွယ်ရေးဆိုင်ရာပညာရပ်များ သင်ရမည်။ အချစ်ရေးတွင် ဘာသူမတူ၊ လူမျိုးခြားတစ်ဦးက လာရောက်ချစ်ခွင့်ပန်ခြင်းကို ခံရတတ်သည်။ အတိတ်က အချစ်ဟောင်းကို ပြန်လည်တွေ့ရှိရလိမ့်မည်။ ကျန်းမာရေးတွင် သွေးတိုး၊ သွေးကျ၊ သွေးနှင့်ဆိုင်သော ရောဂါများ ဖြစ်လိမ့်မည်။
အကျိုးပေးဂဏန်း ၂/၆/၉
အထူးဟော အလှူအတန်းနှင့်ဘာသာရေးအလုပ်များအဆင်ပြေမည်။
ယတြာ သစ်ခွပန်းဘုရားလှူပါ။
သောကြာသားသမီးများ
ဒီကာလအတွင်း ရပ်နေသောအလုပ်များ ပြန်လည်လှုပ်ရှားလာမည်။ ဝင်ငွေများ သိသာလာသော်လည်း ဆရာမိဘများကို ပေးကမ်းရမှုများကြောင့် မစုမိဖြစ်နေမည်။ အကျိုးဆောင်နှင့် စပ်တူရှယ်ယာများမှ ဝင်ငွေတဖြည်းဖြည်း ကောင်းလာမည်။ အလုပ်သမားများကို အမှီပြု၍ လုပ်ငန်းများ လည်ပတ်လာမည်။ နိုင်ငံရပ်ခြားခရီးဝေး အလွန်ကောင်းကျိုးပေးမည်။ အလုပ်ထဲမှ ငွေကြေးအထားမှား ပျောက်ဆုံးမှု ဖြစ်ပေါ်နေမည်။ ဆက်သွယ်ရေးနှင့် စာအုပ် ထုတ်ဝေရေး၊ လူထုကို တိုက်ရိုက် အကျိုးသက်ရောက်စေသော အလုပ်များ အထူးကောင်းမွန်မည်။
မြေယာနှင့် ဆောက်လုပ်ရေးများ အနည်းငယ်ညံ့နေမည်။ အိမ်ထောင်ရေးတွင် လင်မယားနှစ်ယောက် တက်ညီလက်ညီ တစ်နယ်စီဝေးသော်လည်း ဆက်သွယ်ရေးကောင်းမွန်မှုကြောင့် အနီးမှာ ရှိနေသကဲ့သို့ နွေးထွေးနေမည်။ သီချင်းရေးနှင့် အနုပညာဆိုင်ရာများ သင်ကြားရာတွင် အလွန်တတ်လွယ်မည်။ အွန်လိုင်းကနေ ပညာသင်ခြင်းများ အထူးအောင်မြင်မည်။ အချစ်ရေးတွင် အရွယ်လွန်အပျိုကြီးဖြစ်ပေမယ့် ငယ်ရွယ် သူ၏ ချစ်မြတ်နိုးမှုကို ခံရချိန်ပါပဲ။ စုံတွဲများကတော့ ကြားလေသွေး၍ ဝေးမှာစိုးရိမ်နေတဲ့ ချစ်ခြင်းခိုင်မြဲတဲ့အချိန်ပါပဲ။ ကျန်းမာရေးတွင်ရောဂါဗေဒဆိုတာမျိုး ခံစားရတာမရှိဘဲ ထိခိုက်ရှနာ သွေးထွက်သံယို အသေးစားလေးတွေ ဖြစ် တတ်ပါတယ်။
အကျိုးပေးဂဏန်း ၃/၆/၇
အထူးဟော စန်းအားကောင်းနေပါတယ်။
ယတြာ နို့ဆီတစ်ဗူး ရဟန်းတစ်ပါးကိုလှူလိုက်ပါ။
စနေသားသမီးများ
စီးပွားရေးလုပ်ငန်းများ တစ်ကျော့ပြန်အားကောင်းလာချိန်၊ လုပ်ငန်းအတွက် ရင်းနှီးမြှပ်နှံလိုသူများ ရောက်ရှိ လာမည်။ မိတ်ဟောင်း၊ ဆရာဟောင်းတို့၏ ကူညီမှုရရှိမည်။ မူရင်းအလုပ်မှာ နှေးကွေးနေသော်လည်း ခေတ်နှင့်အညီ ပြောင်းလဲတိုးတတ်အောင် နည်းပညာနဲ့ပေါင်းပြီး လုပ်ကိုင်နိုင်ရင်တော့ အလွန်အောင်မြင်မည်။ မိသားစုဝင်အားလုံး အလုပ်ကိုယ်စီနှင့် တတ်ကြွစွာ လုပ်ကိုင်ဖြစ်မည်။ အရက်သောက်တတ်သောသူများ မသောက်နဲ့ မပြောပါဘူး။ ချိန်ဆ သောက်သင့်တဲ့ကာလပါ။ အိမ်ထောင်ရေးတွင် ဆွေမျိုးများ၊ တပည့်များကြောင့် လင်မယား စကားများရမည်။
အိမ်ထောင်ဖက်၏ လက်ဝတ်ရတနာများ ထွက်တတ်သည်။ သားသမီးများအတွက် ငွေကုန်များမည်။ ပညာရေး တွင် ဆရာကောင်းများနှင့် ပညာသင်ကြားခွင့်ရသော အချိန်ဖြစ်သည်။ ပညာရေးအတွက် အထောက်အပံ့ကောင်းများ လာမည်။ အချစ်ရေးတွင် တတိယလူ၏အနီးကပ် ရင်းနှီးစွာ ဝင်ရောက်လာမှုကြောင့် အလွန်ကြီးမားသော အချစ်ပြဿနာပေါ်လာမည်။ လက်ရှိချစ်သူကိုလည်း မစွန့်ရက်နဲ့ ဒုက္ခများရတတ်ပါတယ်။ ကျန်းမာရေးတွင် သွေးတိုးသွေးတတ် ဖြစ်နိုင်သည်။ အစားအစာလွန်ကဲမှုကြောင့် အစာမကြေနှင့် ဗိုက်နာရောဂါများ ခံစားရတတ်သည်။
အကျိုးပေးဂဏန်း ၁/၄/၈
အထူးဟော ကံအင်အားနည်းနေတတ်ပါတယ်။
ယတြာ အာလူးနဲ့ဝက်သား ရောချက်ပြီး ရဟန်းသံဃာတွေကို လောင်းလှူလိုက်ပါ။
ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ )
ဖုန်း - 09775555695, 09445555695