Careers & Jobs

၂၄.၉.၂၀၂၀ မှ၃၀.၉.၂၀၂၀ ထိ (၇)ရက်သားသမီးများအတွက် တစ်ပတ်စာဟောစာတမ်း

Read 1610 times

စက်တင်ဘာလ ၂၄ရက်နေ့မှ ၃၀ရက်နေ့ထိ တစ်ပတ်စာ ကံကြမ္မာဟောစာတမ်းကို ဖော်ပြပေးလိုက်ပါသည်။

တနင်္ဂနွေ

ယခုကာလအတွင်း လက်ရှိလုပ်ငန်းများအပြင် ပူတွဲလုပ်ငန်း တာဝန်များကိုပါ စုပေါင်းလုပ်ကိုင် ထမ်းဆောင်နေရမည်။ ဆိုင်ခန်းဖွင့်ရန် ရည်ရွယ်ထားသူများ ယခုအပတ်အတွင်း မဖွင့်သင့်သေးသော အချိန်ကာလဖြစ်ပါသည်။ စက်ပစ္စည်းများ ကြီးကြီးမားမား ဝယ်ယူခြင်းများ မပြုလုပ်သင့်သေးပါ။ စာချုပ်၊ စာတမ်း၊ လက်မှတ်ရေးထိုးခြင်းများ၊ အာမခံခြင်းများ မပြုလုပ်သင့်ပါ။ မိမိ၏ တစ်ဇွတ်ထိုး စိတ်လိုက်မာန်ပါ ပြုလုပ်ခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ရတတ်ပါသည်။အလုပ်နှင့်ခရီးသွားရလျှင် အလုပ်အတွက် အဆင်ပြေမည်။ အတိုက်အခံများ ပြိုင်ဘက်များနှင့် ကြုံနေရတတ်သော်လည်း ကံ၊ ဉာဏ်၊ ဝီရိယ အားထုတ်မှုများကြောင့် ပြိုင်ဘက်များကို အနိုင်ယူအောင်မြင်မည်။

ပညာရေးအနေဖြင့် အခက်အခဲများ ကြုံနေရတတ်ပါသည်။ သို့သော် ပညာရေးကို တစ်စိုက်မတ်မတ် ကြိုးစားပါက အောင်မြင်မှုများ ရရှိနိုင်ပါသည်။ အချစ်ရေးအတွက် စိတ်ချမ်းသာမှုရရှိမည်။ ဘေးစကားများကြောင့် မိသားစုများအတွင်း စိတ်ဝမ်းကွဲရတတ်ပါသည်။ အိပ်ရေးပျက်ပါက ကျန်းမာရေးများ ပို၍ညံ့သွားတတ်ပါသည်။ အိပ်ရေး၀၀ အိပ်သင့်တဲ့ကာလပါပဲ။ ငွေကြေးများ ပြည့်စုံစွာ ရသော်လည်း စုဆောင်းနိုင်ခြင်းမရှိဘဲ ပြန်၍ထွက်တတ်သည်။ ငွေများဝင်လာပါက အနည်းငယ် ပြန်၍လှူပေးပါ။ အလှူအတန်း ပြုလုပ်ပေးပါ။

အကျိုးပေးဂဏန်း - 2/6/1

အထူးဟော - ကံမြင့်မားဖို့ အလှူအတန်းတွေမကြာခဏလုပ်ပါ။

ယတြာ - ခြေသုတ်ခုံလေးများ ဘုန်းကြီးကျောင်းလှူပါ။

 

တနင်္လာ

ယခုကာလအတွင်း ကိုယ့်ခံစားချက်ကို ထုတ်ဖေါ်မပြောသင့်သေးချေ။ စိတ်လေနေတတ်သည်။ အခွင့်ကောင်းများ ရရှိလာပါမည်။အဆင်မပြေမှု အနည်းငယ်လေးများ ကြုံတွေ့ရစေကာမူ အောင်မြင်ဖြစ်ထွန်း ကံပွင့်လန်းမည့် ကာလဖြစ်၏။ အလုပ်အကိုင်၌ အခက်အခဲပြဿနာများ အောင်မြင်စွာ ကျော်လွှားနိုင်ပါမည်။ နိုင်ငံရပ်ခြားနှင့် သက်ဆိုင်သော လုပ်ငန်းများတွင်တော့ ကံမကောင်းသေးပါ။ အချစ်ရေးပြဿနာများ ကြုံနေရသော် နားလည်မှုလွဲကြသည်ကို ချက်ချင်းဖြေရှင်းလိုက်ပါ။ မိတ်ကောင်းဆွေကောင်းများလည်း တိုးပွားလိမ့်မည်။ ငွေ၀င်ကံကောင်းနေ၍ အထိုက်အလျောက် အဆင်ပြေနေလိမ့်မည်။

လူမှုရေးရှုပ်ထွေးမှုများကို လျှော့ချနိုင်ပါမှ စီးပွားရေးတိုးတက် အဆင်ပြေမည်ဖြစ်၏။ ရွှေထည်၊ အိမ်ခြံမြေ လုပ်ငန်းများ၌ အညံ့လေးတွေရောထွေးပါရှိနေသည်။ စက်ပစ္စည်းများ အပျက်အစီး အချို့အယွင်း ဖြစ်ပေါ်တတ်၏။ ကျန်းမာရေး ဂရုစိုက်သင့်ပါတယ်။ အချိုရည်နှင့် အဆီအဆိမ့်အစပ် လျော့စား သင့်၏။ သွေးတတ်၊ ဆီးချိုတတ်တာမျိုးကြုံရတတ်ပါတယ်။အိမ်ထောင်ရေးတွင်တော့ စိတ်ညစ်ရကိန်းရှိရာ ဂရုတစိုက်နားလည်မှုထား ရှိရန်လိုအပ်ပါ၏။အဆင်မပြေတာတွေကို ညှိနှိုင်းယူသင့်ပါတယ်။ ပညာရေးကံ အကောင်းထဲတွင်ရပ်တည်နေကာ မိမိက သူတပါးကိုပင် ပညာရေးအကူအညီပေးနေရတတ်၏။

အကျိုးပေးဂဏန်း - ၃/၇/၀

အထူးဟော - အဆိုးပြီးရင် အကောင်းလာလိမ့်မယ်။

ယတြာ - ဒိန်ချဉ်ဘုရားကပ်လှူလိုက်ပါ။

အင်္ဂါ

ယခုကာလအတွင်း အလုပ်နေရာ၊ အိမ်နေရာ အသစ်ရခြင်း၊ နေရာထိုင်ခင်းများ ပြုပြင်ပြောင်းလဲ ပြင်ဆင်ရခြင်းများနှင့် ကြုံရတတ်ပါသည်။ မထင်မှတ်ဘဲ အတတ်ပညာတစ်ခု သင်ကြားရခြင်းများ၊ အကျိုးရှိသော သင်တန်းများတတ်ရခြင်းများ ကြုံတွေ့ရတတ်ပါသည်။ ဤကာလတွင် မည်သည့်လုပ်ငန်းကိစ္စရပ်မဆို အစစ၊ အရာရာ သတိကြီးစွာထား၍ လုပ်ကိုင်ဆောင်ရွက်တတ်ရန် အထူးအရေးကြီးပါသည်။ မိမိအပေါ်တွင် မကောင်းကြံခြင်း၊ မကောင်းပြောခြင်းများ၊ နောက်ကျောကို ဓါးနဲ့ထိုးခြင်းများ ကြုံတွေ့ရတတ်ပါသည်။ အလုပ်အကိုင်များ ထိခိုက်ပျက်စီးခြင်း၊ ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့ရတတ်ပါသည်။ ပြဿနာကြီးများလည်း ရင်ဆိုင်ဖြေရှင်းနေရတတ်ပါသည်။ အမှုအခင်းကိစ္စများနှင့်လည်း ပက်သက်ရတတ်ပါသည်။

မိမိနှင့်တကွ အတူနေမိသားစုများပါ ကျန်းမာရေးညံ့တတ်ပါသည်။ ဆေးရုံ၊ ဆေးခန်းများအထိ ရောက်ရတတ်ပါသည်။ ထိုကြောင့် အနေအထိုင်၊ အသွားအလာ၊ အစားအသောက်များကို အထူးသတိပြု၍ ဆင်ခြင်သင့်ပေသည်။ မီး၊ လျှပ်စစ်ပစ္စည်းများကြောင့် ဒုက္ခတွေ့တတ်သည်။ အထူးသတိပြုပါ။ သားသမီး၊ လက်အောက်ငယ်သားများအတွက် စိတ်သောက ပူပန်မှုများ ကြုံတွေ့ရတတ်သည်။ လူမျိုးခြား၊ ဘာသာခြားများက အကူအညီပေးတတ်ပါသည်။ အချစ်ရေးကတော့ လွန်စွာမှအဆင်ပြေပါလိမ့်မယ်။

အကျိုးပေးဂဏန်း - ၁/၄/၈

အထူးဟော - ကံအညံ့များနေတဲ့အတွက် ဘာသာရေးများများလုပ်ပေးပါ။

ယတြာ - အားရှိစေမယ့် အစားအသောက်တွေလူကြီးမိဘတွေကို ချက်ပြုတ်ကျွေးမွေးပါ။

 

ဗုဒ္ဓဟူး

ဒီကာလအတွင်းအရာရာသည် အရှေ့သို့တတ်လှမ်းနေပါသည်။ ပြောသလောက် မလွယ်သော်လည်း လုပ်သလောက်ရသောရက်များ ဖြစ်တယ်ဆိုတာ သင်သိထားပေးပါ။ စေတနာကို တန်ဖိုးမထားသူတို့က သင့်ကိုအပြစ် တင်ကြလိမ့်မည်။ရည်ရွယ်ချက်ပန်းတိုင် ရဲရဲလျှောက်အောင်မြင်ရန် လက်တကမ်းသာလိုတော့သည်။ အတွေးအခေါ် ပြောင်းလဲမှုတွေ ဖြစ်မည်။ အတွေးများပြီး အစာစားခြင်း၊ လမ်းသွားခြင်း ဂရုစိုက်ပါ။အချစ်ရေးတွင် စိတ်မကစား မိပါစေနဲ့။ လူရှုပ်လူပွေတွေနဲ့ ငြိစွန်းတတ်ပါတယ်။ ပညာရေး၊ စီးပွားရေး၊ အလုပ်တွေ ကြိုးစားနေစဉ်မှာ အချစ်ရေးက သင့်အတွက် အနှောင့်အယှက် ဖြစ်လာနိုင်မည်။စိတ်ဆုံးဖြတ်ချက်များ မတင်မကျဖြစ်နေတတ်သည်။

အရာရာကို သင့် အမြင်ဖြင့် ပြောင်းလဲမှုများ မလုပ်သင့်သေးပေ။ မိဘနှင့် အိမ်ထောင်ဖက်ကြား၊သားသမီးနှင့်မိဘကြား ဗျာများ နေရခြင်းနှင့် စိတ်ဆင်းရဲမှုတွေ ကြုံမည်။ ခြေထောက်တစ်ဖက် နာကျင်မှုဖြစ်မည်။ ရည်ရွယ်ချက်တွေ ပြောင်းလဲမှုဖြစ်လာမည်။ အပေါင်းအသင်းကောင်းတစ်ယောက်က သင့်ကို ကူညီပါလိမ့်မည်။ ရစရာရှိသောငွေ ရလာမည်။ စက်ပစ္စည်း အသစ်ရမည်။ အိမ်ထောင်ရေးကိစ္စ အထင်လွဲခံရတတ်သည်။ ကျန်းမာရေးက ဝမ်းဗိုက်ဂရုစိုက်ပါ။ အစာကြေလွယ်တဲ့အစာကိုပဲ ဦးစားပေးစားပါ။

အကျိုးပေးဂဏန်း - ၂/၅/၉

အထူးဟော - ကိုယ့်အားကိုယ်ကိုးပါ။

ယတြာ - ချဉ်ပေါင်ရွက်နှင့်ငါးရောချက်ပြီး ဘုရားရှင်အားဆွမ်းကပ်လှူပါ။

ကြာသပတေး

ယခုကာလအတွင်း လုပ်ငန်းခွင်မှာရန်လိုနေမှုများကို ချိန်ညှိကာ ဆောင်ရွက်လိုက်လျှင် အဆင်ပြေသွားပါ လိမ့်မည်။ အရာရာကို သူ့နေရာနှင့်သူ အံဝင်ခွင်ကျဖြစ်အောင် ထားပေးလိုက်ပါ။ သင်၏မိသားစု၊ သို့မဟုတ် အခြားသူများနှင့် ကောင်းစွာဆက်ဆံပြီး အခွင်းကောင်းများကိုရယူတတ်ပါစေ။ သင့်ချစ်ရသူနှင့် တင်းမာမှုများ လျော့ကျသွားပြီး ပျော်ရွှင်ချမ်းမြေ့မှုများ ရှိလာပါလိမ့်မည်။ ကိုယ်ပိုင်အလုပ်စီးပွားများ မိမိပေါ့ဆမှုကြောင့် ဒုက္ခအနည်းငယ်မျှ ကြုံတွေ့ရနိုငပါသည်။ ခရီးအတိုအထွာသွားရမည်။

အလုပ်ခွင်အတွင်းလက်၊ ခြေ၊ ခေါင်း ညှပ်တတ်သည်။ ဂရုစိုက်ပါ။ ရစရာရှိသောအရာများ မြန်မြန်တောင်းယူပါ။ သွားစရာရှိသော ခရီးများမြန်မြန်သွားပါ။ လုပ်စရာရှိသော အလုပ်များမြန်မြန်လုပ်ပါ။ ဝါသနာပါရင် စ၊ဆ၊ဇ၊ည အက္ခရာဖြင့် ၃၊ ၉၊ ၆ပါသော ထီလက်မှတ်ကိုရွေးချယ် ကံစမ်းစေချင်သည်။ ကတိတစ်ခု လွယ်လွယ်မပေးနှင့်။ အလုပ်ကိစ္စမှာ အကြီးအကဲအထင်လွဲ ခံရတတ်သည်။ စကားပြောဆင်ခြင်ပါ။ စကားရှုပ်ရတတ်သည်။ လောင်းကစားအလုပ်ရှောင်ပါ။ ငွေကိုဝိသမလောဘနဲ့မရှာသင့်တဲ့ ကာလပါပဲ။ ကား၊ဆိုင်ကယ်ဂရုစိုက်မောင်းပါ။ အိမ်ထောင်ဘက်ရဲ့ ချစ်ခင်ယုယမှုကိုရမည်။ပညာရေးမှာတော့ ကြိုးစားထားသမျှ အရာထင်အောင်မြင်ပါလိမ့် မယ်။

အကျိုးပေးဂဏန်း - ၃/၆/၅ 

အထူးဟော - အရာရာကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ပါ။

ယတြာ - ကျွဲကောသီး ဘုရားကပ်လှူလိုက်ပါ။

 

သောကြာ

ယခုကာလအတွင်း စိတ်အေးချမ်းမှုကို ရှာဖွေပါ။ သင့်အနေဖြင့် အတားအဆီးများ အားလုံးကို ကျော်လွှားသွားစေပါလိမ့်မည်။ အချစ်ရေးတွင် သင်စီစဉ်ထားသလိုမဟုတ်ပဲ နှစ်ကိုယ်တူရည်ရွယ်ထားသည်များလည်း ဖြစ်မြောက်လာမည်မဟုတ်ပါ။ အပြောလွယ်သလောက် အလုပ်ခက် ဟူသည့် ကားအတိုင်း ဖြစ်နေသည့်ကာလလေးပါ။ ဤတစ်ပတ်အတွင်း လွယ်လွယ်နှင့် အရာရာရမယ်လို့ မယူဆလိုက်ပါနှင့်။ ကံ၊ ဉာဏ်၊ ဝီရိယ၊ လုံ့လ စိုက်ထုတ်ပါမှ အဆင်ပြေလာမှာပါ။ ခရီးဝေးယာယီတွေ ရောက်မည်။ ရမည့်ငွေ ရခါနီးမှ နှောင့်နှေးတတ်သည်။

အလုပ်အကိုင် အဆင်ပြေသလိုဖြစ်ပြီးမှ ထစ်ငေါ့မှု အတိုက်အခံများမှုတွေ ကြုံရတတ်ပါသည်။အရာရာ၂ခါ ဆောင်ရွက်ရတတ်၍ ဂရုစိုက်ပါ။လူငယ်လေးများ အိမ်ကပြောစကားထက် သူများပြောတာကို ယုံပြီး တဇွတ်ထိုးလုပ်မည်။ အောက်လက်ငယ်သားတွေ၊ ဝန်ထမ်းတွေကြိုးစားမှုကြောင့် မိမိအလုပ်တွေသိသာထင်ရှားစွာ တိုးတတ်မည်။ တစ်ခုပြီးမှတစ်ခုလုပ်ပါ။ ဆန္ဒမစောပါနှင့်။ ဒေါသမကြီးနှင့်။ သို့သော် ရည်ရွယ်ချက် ကြီးကြီးထားပါ။ ဆေးစစ်၊ဆေးစားခြင်းများ စတင်ဆောင်ရွက်လို့အထူးကောင်းသည်။ ကျန်းမာရေးကောင်းနေမည်။ နည်းပညာနှင့် ပက်သက်သော ပညာများရလွယ်နေမည်။ စက်ပစ္စည်းပြုပြင် ထိန်းသိမ်းတဲ့ ပညာများလဲရလွယ်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း - ၄/၇/၀

အထူးဟော - စကားအပြောအဆိုဆင်ခြင်ပေးပါ။

ယတြာ - ထောပတ်ထမင်း ဘုရားကပ်လှူလိုက်ပါ။

 

စနေ

ယခုကာလအတွင်း လက်အောက်ငယ်သားများအတွက် စိတ်ညစ်စရာများ၊ စိတ်သောက ဖြစ်စရာများ ကြုံ တွေ့နေရတတ်သည်။ ငွေများဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ၊ ငွေကိစ္စနှင့်ပတ်သက်၍ စိတ်သောကများ ရောက်ရတတ်ပါသည်။ အိမ်၏ခေါင်းရင်းဘက်တွင် အုတ်ခဲများလာပုံသော နိမိတ်တွေ့ပါက ထီကြီးထိုးပေးပါ။ အကျိုးရှိသော ခရီးကောင်းများ သွားရတတ်ပါသည်။ ဌာနဆိုင်ရာအတွင်း မိမိ၏အထက်လူကြီး အကြီးအကဲများနှင့် ဆွေမျိုးအကြီးအကဲတို့က အကူအညီ၊ အထောက်အပံ့ကောင်းများ ပေးကြပါလိမ့်မည်။ အစစ်အဆေး ၊ အမေးအမြန်းလည်း ခံရတတ်ပါသေးသည်။

မိမိအိမ်ကို ပြုပြင်ခြင်း၊ အိမ်အသစ်ရခြင်းမျိုးလည်း ကြုံရတတ်ပါသည်။ ပြုပြင်လိုက်ပါက ကံကောင်းသော နိမိတ်များလည်း တွေ့ရတတ် သည်။ ကျန်းမာရေးအနေဖြင့် သွေးထွက်သံယိုများ ဖြစ်တတ်ပါသည်။ စီးပွားရေးသမားများ လုပ်ငန်းလုပ်ကိုင်ရာတွင် အထူးသတိထား၍ လုပ်ကိုင်ဆောင်ရွက်ပါ။ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရာတွင် ဆုံးရှုံးနစ်နာမှုများ ကြုံရတတ်ပါသည်။ မိမိပိုင်ပစ္စည်းကို ရောင်း၍ ရင်းနှီးမြုပ်နှံမှုမပြုလုပ်သင့်ပါ။ အချစ်ရေးမှာချစ်သူက အဖြေ ပေးဖို့အချိန်ဆွဲနေတတ်သည်။ ဖြေထားသောစာမေးပွဲ ၊အင်တာဗျူး၊ ပညာရေးရည်မှန်းထားသော အရာများ အောင်မြင်ပြီဟုမှတ်ပါ။

အကျိုးပေးဂဏန်း - ၁/၅/၇

အထူးဟော - ကျန်းမာရေးဂရုစိုက်ပေးပါ။

ယတြာ - ပေါက်ပေါက်ဆုပ်ဘုရားကပ်လှူပေးပါ။

 

Bookmark