(၈.၁၀.၂၀၂၀ မှ ၁၄.၁၀.၂၀၂၀ )ထိ တစ်ပတ်စာ ၇ရက် သားသမီးဟောစာတမ်းကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ
သင်၏စီးပွားရေးသည် လုပ်ရကိုင်ရ ခက်သောအချိန်ဖြစ်သည်။ အလုပ်တူဧည့်သည်များ မိတ်ဆွေများကို ဧည့်ခံဖြစ်မည်။ အလုပ်ပျက်ခြင်း၊ ခွင့်မကြာခဏ ယူရတတ်ခြင်းများ ရှိမည်။ မလုပ်ဖူးသော အလုပ်ကို စွန့်စား၍မလုပ်သင့်ပါ။ အရှုံးပေါ်မည်။ သင့်အတွေးခေါ်၊ စိတ်ကူး၊ ကြံဆမှုများကို မူတည်ပြီး အနေအထား အပြောင်းအလဲများစွာ ကြုံတွေ့နေရပါလိမ့်မည်။ အခြားသူတို့နှင့် အသွင်မတူသော ရှုထောင့်အမြင်မှ အရာရာကို ပုံဖေါ်ဆောင်ရွက်မှုများကြောင့် လွဲချော်မှုအမှားအယွင်းများ ပေါ်ပေါက်တွေ့ကြုံလာ နိုင်ပါသည်။ တပည့်သားသမီးများ၏ အကြံများကို ယုံကြည်အားကိုးရာမှ ရှင်းရခက်သော ပြဿနာများ ပေါ်ပေါက်လာတတ်ပါသည်။ အိမ်ထောင်ရေးတွင် အိမ်ထောင် ဖက်၏ အခက်အခဲများကို ကူညီဖြေရှင်း ပေးရလိမ့်မည်။
အားငယ်နေ၍ အားပေးဖြစ်မည်။ ပညာရေးတွင် ခေတ်ပညာကို တစ်ခုပြီးတစ်ခု သင်ယူနေဖြစ်မည်။ မိတ်ဆွေကောင်းတို့၏ အကူအညီရမည်။ ဆရာများ၏ စောင့်ရှောက်မှုကို အပြည့်အဝရရှိမည်။ အချစ်ရေးတွင် ပညာသင်ရင်း ချစ်သူရရှိမည်။ ပျော်ရွှင်ဖွယ်ရာ ချစ်ခရီးပင် ဖြစ်ပါသည်။ ကျန်းမာရေးတွင် ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်နေရာမှ ကိုက်ခဲနာ ကျင် တတ်သည်။ အနေအထိုင်မတတ်၍သာ ရောဂါရနိုင်ပါသည်။
အကျိုးပေးဂဏန်း - 5/0/1
အထူးဟော - အောင်မြင်နိုင်သော်လည်းအတွေးအခေါ်၊စိတ်ကူးကောင်းမှအဆင်ပြေမည်။
ယတြာ - ထောပတ်ထမင်းဘုရားကပ်လှူပေးပါ။
တနင်္လာ
စီးပွားရေးတွင် ဂုဏ်သိက္ခာရှိသော လုပ်ငန်းများကိုသာ လုပ်ကိုင်ရလိမ့်မည်။ မြေ၊ ယာ၊ အဆောက်အဦး များအတွက် ငွေကြေးကုန်ကျမှုများတတ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများ အလုပ်သမား အခက်အခဲရှိမည်။ ချုပ်ဆိုထားခဲ့သော စာချုပ်များနှင့် ပတ်သက်၍ စရန်ငွေများ ဆုံးရှုံးနိုင်ပါသည်။ ထူးခြားသောအပြောင်းအလဲများ ဖြစ်ပေါ်လာမည်။ အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ ကိုယ်ကကူညီလိုက်၍ အဆင်ပြေသွားသူများကပင် ကိုယ့်ကိုပြန်၍ ဒုက္ခပေးတတ်ပါသည်။ နေရာထိုင်ခင်းကိစ္စအတွက် စကားပြောဆိုရတတ်သည်။
အိမ်ထောင်ရေးမှာ တည်ငြိမ်သော အိမ်ထောင်ရေး ဖြစ်ပါသည်။ သားသမီးများ၏ ကျန်းမာရေး၊ ပညာရေးအတွက် စိတ်ပူပန်နေရမည်။ ပညာရေးတွင် ရက်တို၊ လတို သင်တန်းများ တတ်ရောက်ဖြစ်မည်။ အချစ်ရေးတွင် အချစ်ဟောင်းတို့ လွင့်မျောသွားပြီး အချစ်သစ်တို့ ပွင့်လန်းထွက်ပေါ်ရာ ကာလဖြစ်သည်။ ကာလရှည်ကြာ ကြိုးစားအားထုတ်မှုများမှ ကောင်းသောအကျိုးဆက်များ ရရှိမည်။ ကျန်းမာရေးတွင် ခရီးသွားရင်း (သို့မဟုတ်) လူနာအမေးသွားရင်းမှ ရောဂါ ကူးစက်တတ်သည်။ ပစ္စည်းပျောက်၊ စာရင်းမှား၍ စိတ်သောကရောက်ရမည်။ စိတ်လေလွင့်မည်။ သည်းခြေ အားနည်းမည်။ ဓါတ်လိုက်ခံရတတ်သည်။
အကျိုးပေးဂဏန်း - ၁/၆/၉
အထူးဟော - ငွေကြေးဆုံးရှုံးမှုတွေဖြစ်ရတတ်ပါတယ်။
ယတြာ - ရဟန်းတစ်ပါးကိုသော့လှူလိုက်ပါ။
အင်္ဂါ
သင်၏စီးပွားရေးသည် လက်ရှိအလုပ်ကိုသာ မှေးလုပ်နေဖြစ်မည်။ ရပ်ထားသော အလုပ်များကို ပြန်လည် လုပ်ဖြစ်ရန် ကြိုးစားနေဖြစ်မည်။ မိတ်ဆွေကောင်းများ၊ ဆရာကောင်းများ၏ ကူညီမှုကို ရရှိမည်။ အိမ်၊ ခြံမြေ ငှားရမ်းမှုများ၊ ရောင်းချမှုများ ပြုလုပ်ဖြစ်မည်။ နိုင်ငံရပ်ခြား သွားရောက်လိုသူများ အခက်အခဲကြုံပြီးမှ သွားဖြစ်မည်။ အလွဲလွဲ၊ အချော်ချော် နှင့် မှန်းထားသည်ကတစ်မျိုး၊ လက်တွေ့က တစ်မျိုးဖြစ်မည်။ အကုန်အကျများမည်။ အပျောက်အရှများမည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်နှင့် အကြီးအကျယ် စကားများပြီး အိမ်ပေါ်မှဆင်း သွားတတ်သည်။
မကြာခင်ပဲ စိတ်ပြေ၍ ပြန်လည်ရောက်ရှိလာလိမ့်မည်။ ထိုနောက် နားလည်ခွင့်လွှတ်တတ်လာမည်။ ပညာရေးတွင် အိုင်တီနည်းပညာရပ်များ ၊လက်တွေ့အသုံးချ ပညာရပ်များကို သင်ကြားဖြစ်မည်။ သင်လွယ်၊ တတ်လွယ်သော အချိန်ဖြစ်သည်။ သို့သော် ပညာရေး အထောက်အကူပြု စက်ပစ္စည်း၊ ကွန်ပျူတာ၊ စသည်တို့အတွက် စိတ်သောကရှိမည်။ အချစ်ရေးတွင် ချစ်သူဝိုင်းဝိုင်းလည်နေသော အချိန်ဖြစ်သည်။ နှစ်ယောက်ပြိုင်တူ ချစ်မိမည်။ ကျန်းမာရေးတွင် အိပ်ရေးပျက်မည်။ ခြေချော် လဲကျတတ်သည်။ တောထဲတောင်ထဲ သွားသူများ ငှက်ဖျားရောဂါနှင့် တိရစ္ဆာန်တို့၏ ကိုက်ခဲမှုများ ခံရတတ်သည်။
အကျိုးပေးဂဏန်း - ၂/၇/၀
အထူးဟော - ရန်အတိုက်အခိုက်နှင့်ယှဉ်၍ လုပ်ကိုင်ရတတ်သည်။
ယတြာ - ငါးသေတ္တာတစ်ဗူး မိတ်ဆွေတစ်ဦးကို လှူလိုက်ပါ။
ဗုဒ္ဓဟူး/ရာဟု
ဒီကာလအတွင်း အလုပ်တွင် ငွေကြေးနှင့် စာရင်းများကို ယုံကြည်စွာ လွှဲအပ်ခြင်းခံရမည်။ ဆက်သွယ်ရေး၊ ဆက်ဆံရေး ကောင်းမွန်သဖြင့် အကျိုးအမြတ်များ ရရှိနေမည်။ အလုပ်သမား ဝန်ထမ်းများ၏ ဦးစီခေါင်းဆောင် ဖြစ်လာမည်။ အများအကျိုးကို သယ်ပိုးရွက်ဆောင်ဖြစ်မည်။ စက်ပစ္စည်း၊ မြေယာ၊ အဆောက်အဦးမှလွဲ၍ အခြားအလုပ်များ အောင်မြင်မည်။ အပြိုင်အဆိုင်၊ အတိုက်အခံမှန်သမျှကို ကျော်လွှား၍ အလိုဆန္ဒပြည့်စုံမည်။ ထိပ်တိုက်ရင်ဆိုင်မှုမှန်သမျှအပေါ် အနိုင်ယူနိုင်မည်။ လုပ်ငန်းမရှိသူများ လုပ်ငန်းရမည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်၏ အထောက်အပံ့များရမည်။ ငွေကြေး၊ ပညာ၊ ဂုဏ်သိက္ခာ အစစ မြင့်မားနေမည်။ တင့်တယ် သာယာသော အိမ်တွင်းရေး ဖြစ်သည်။
ပညာရေးတွင် အများအကျိုးပြုသော ပညာရပ်များကို သင်ယူဖြစ်မည်။ လူမျိုးခြားတို့၏ ကူညီမှုကို ရရှိမည်။ အချစ်ရေးတွင် ကိုယ့်အောက်ငယ်သော အလုပ်သမားဝန်ထမ်းများ၏ ချစ်မြတ်နိုးမှု ခံရတတ်သည်။ ငယ်ရွယ်သူများ လူမျိုးခြားတို့နှင့် ချစ်ကြိုးသွယ်မည်။ ရှောင်လွှဲမရသော အချစ်များ တွေ့ကြုံရမည်။ အချစ်၏ ကြင်နာယုယမှု အပြည့်အဝရရှိမည်။ ကျန်းမာရေးကောင်းနေ၍ စားကောင်းခြင်း၊ အိပ်ကောင်းခြင်း ရှိမည်။ သွေလေးပြီး ထိုင်းမှိုင်းလေးလံရုံမျှသာ ဖြစ်မည်။
အကျိုးပေးဂဏန်း - ၁/၃/၈
အထူးဟော - မိမိနဲ့မွေးနံတူသူတစ်ဦးနှင့်စပ်တူထီထိုးပါ။
ယတြာ - ဩဇာသီးမှည့် ၃လုံးဘုရားကပ်လှူပေးပါ
ကြာသပတေး
သင်၏စီးပွားရေးတွင် ဖခင်၊ ဆရာ၊ မိတ်ဆွေများ၏ အကူအညီကြောင့် လုပ်ငန်းတိုးတတ်အောင်မြင်မည်။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းများနှင့် ပတ်သက်၍ အထူးအောင်မြင်မည်။ ဝန်ထမ်းအချို့ နေရာပြောင်းရွှေ့ဖြစ်မည်။ အလွန်ထူးချွန်သောသူများ အလုပ်မှာဋ္ဌာနပြောင်းရတတ်သည် သို့မဟုတ် ရာထူးတတ်မည်။ စပ်တူလုပ်ငန်းများမှ အရှုံးပြနေမည်။ အကျိုးဆောင်နှင့် ဝန်ဆောင်လုပ်ငန်းများ ပုံမှန်အတိုင်းလည်ပတ်နေမည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်၏ ဆွေမျိုးများအား စောင့်ရှောက်ပေးဖြစ်မည်။ အဆောက်အဦးနှင့် ပတ်သက်၍ လင်မယား စကားများရတတ်သည်။ အစားအသောက် လက်ဆုံမစားဖြစ်တတ်ပါ။ မိသားစုနှင့် ခပ်စိမ်းစိမ်း ဖြစ်နေမည်။
ပညာရေးတွင် အနုပညာ၊ ဓာတ်ပုံ၊ဗီဒီယိုတည်းဖြတ် ပညာရပ်များ သင်ယူဖြစ်မည်။ လွယ်ကူစွာ တတ်မြောက် နိုင်ပါ သည်။ စိတ်ကြည်နူးဖွယ်ရာ ပညာရပ်များ ဖြစ်မည်။ အဝေးသွားရောက်၍ ပညာသင်လျှင် ခက်ခဲသော အချိန်ဖြစ်ပါ သည်။ အချစ်ရေးတွင် ငယ်ကျွမ်းဆွေများ၏ သတင်းများကို ကြားနေရမည်။ နှလုံးသားမှာ အချစ်ပန်းများ ပွင့်လာ သော်လည်း ပိုင်ရှင်မဲ့နှလုံးသား ဖြစ်နေမည်။ မြားနတ်မောင် အိပ်မောကျနေသော အချိန် ဖြစ်ပါသည်။ ကျန်းမာရေး တွင် စိတ်အားငယ်နေမည်။ အဝေးရောက်၊ ဆွေမျိုး၊ မိဘတို့ကို လွမ်းနေမည်။ ဆီပူ၊ မီးပူလောင် ခံရတတ်သည်။
အကျိုးပေးဂဏန်း - ၂/၄/၅
အထူးဟော - အဆင်ပြေတိုးတတ်နိုင်ပါတယ်။
ယတြာ - ၂၄ပစ္စည်းကို ဒီတစ်ပတ်လုံး နေ့စဉ်ရွတ်ပွားပါ။
သောကြာ
သင်၏စီးပွားရေးတွင် ဟိုစပ်စပ် ဒီစပ်စပ်နှင့် ပွစိတတ်နေသော လုပ်ငန်းများမှ အသီးသီး ငွေဝင်နေမည်။ အလုပ်တစ်ခုတည်းကို အပိုင်လုပ်ကိုင်၍မရ၊ နေရာတကာ လူဝင်ဆံ့နေမည်။ ဆရာများနှင့် မိတ်ဆွေများ၏ အလုပ်များကို လုပ်ကိုင်ခွင့်များ ရနေမည်။ အပြောကောင်းလျှင် ကောင်းသလောက် ငွေဝင်နေသော ကာလ ဖြစ်သည်။ မင်း၊အစိုးရနှင့်ဆိုင်သော လုပ်ငန်းများ သတိထားပြုလုပ်သင့်သည်။ အမှားအယွင်း ကြုံနိုင်သည်။ စီးပွားရေးလုပ်ငန်းများတွင် အောက်လက်ငယ်သားကြောင့် ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်ပါသည်။ လူမှုရေး အကြောင်းကိစ္စများကြောင့် နစ်နာမှုများ အထူးသတိပြုပါ။ အိမ်ထောင်ရေးသည် အေးစက်တည်ငြိမ်နေသော အသွင်သဏ္ဍာန်ရှိသည်။
ဆွေမျိုးများနှင့် ပတ်သက်၍ စိတ်သောက ရောက်ခဲ့ရသော်လည်း ဆက်လက်အကူအညီ ပေးနေဖြစ်မည်။ ပညာရေးတွင် ဘာသာရေး နှင့် လက်တွေ့အသုံးချရသော ပညာရပ်များကို သင်ယူဖြစ်မည်။ ဆရာ၊ မိဘတို့၏ ကူညီမှု အပြည့်အဝရရှိမည်။ အချစ်ရေးတွင် တစ်ဖက်သက် အချစ်ခံ ရတတ်သည်။ အားနာစွာဖြင့် ပြန်ချစ်တတ်သည်။ အရိပ်သဖွယ်ကပ်ပါနေ သော ချစ်တတ်သူကို တွေ့ကြုံရမည်။ ကျန်းမာရေးတွင် ခြေဆစ်၊ လက်ဆစ်များ နာကျင်ကိုက်ခဲမည်။ အစား အသောက်မှားသဖြင့်ဝမ်းပျက်၊ အစာမကြေ ရောဂါများ ရနိုင်သည်။ များသောအားဖြင့် ကျန်းမာရေး ကောင်း နေမည်။
အကျိုးပေးဂဏန်း - ၆/၃/၅
အထူးဟော - ကံအညံ့အဆိုးလေးတွေရောပါနေတတ်ပါတယ်။
ယတြာ - ပေါက်ဆီ ၃လုံး ဘုရားကပ်လှူပေးပါ။
စနေ
စီးပွားရေးတွင် လုပ်ငန်းနည်းဗျူဟာများ ပြောင်းလဲလုပ်ကိုင်ဖြစ်မည်။ နယ်ခြား၊ ခရီးဝေး၊ နယ်လုပ်ငန်းများ ကို ဆက်သွယ်လုပ်ကိုင်ဖြစ်မည်။ နည်းပညာကောင်းများ ရှိနေသော်လည်း ငွေအရင်းနည်းနေမည်။ အရောင်းအဝယ် ကောင်းမည်။ အဟောင်းပစ္စည်းများ နှစ်ရှည်ကြာစွာ စုထားသောပစ္စည်းများမှ အမြတ်ရမည်။ ဆောက်လုပ်ရေး လုပ်ငန်းများမှ အမြတ်ရမည်။ ပေါ်ပေါက်လာသော အခြေအနေ၊ အခွင့်အရေးတို့ကို အလောတကြီး အသုံးချမိ၍ တိုးတတ်ဖြစ်ထွန်းမှုများ လျော့ပါးတတ်သည်။ အိမ်ထောင်ရေးသည် သာယာသော အိမ်ထောင်ရေး ဖြစ်သည်။ အိမ်ထောင်ဖက်၏ အလုပ်များအောင်မြင်မည်။ အိမ်ဖော်များကြောင့် ပြဿနာတတ်ရတတ်သည်။ အိမ်နီးနားချင်းနှင့် အဆင်မပြေ ဖြစ်ရတတ်သည်။
အတင်းအဖျင်းပြောခံရမည်။ ပညာရေးတွင် နှောင့်နှေးကြန့်ကြာမည်။ ဆရာ ရွေးချယ်ရခက်နေ မည်။ ဆွေမျိုးအသိမိတ်ဆွေများထဲမှ ဆရာကောင်းရရှိမည်။ အားကစားပညာရပ်များ ထူးချွန်မည်။ အချစ်ရေးတွင် သနားစဖွယ် ချစ်ရသူတစ်ဦးကိုတွေ့မည်။ ချစ်လိုသော်လည်း မဝံ့မရဲ ဖြစ်နေမည်။ ချစ်ဦးသူကို တမ်းတသတိရနေမည်။ မိမိကို ချစ်နေသူ ပေါ်လာသော်လည်း အချစ်ဦးကို သစ္စာရှိနေမည်။ ကျန်းမာရေးတွင် ခြင်၊ ပုရွက် ဆိတ်၊ ပိုးမွှားများကြောင့် ရောဂါရလိမ့်မည်။ ဒူး၊ခါးနာမည်။ ပုံမှန်ထက်ပို၍ ကျန်းမာရေး ကောင်းနေမည်။
အကျိုးပေးဂဏန်း - ၄/၆/၈
အထူးဟော - အကောင်းအဆိုးတွေ ဒွန်တွဲနေတတ်ပါတယ်။
ယတြာ - လက်ဖက်ရည်ထုပ်လေးများ နွမ်းပါးသူများကိုပေးကမ်းလှူဒါန်းပါ။
၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
0977 5555 695, 09 44 5555 695