By WMMH (Mizzy)
K Drama ချစ်သူတို့အတွက် လက်ရှိ On Going Series အသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Series လေးရဲ့ နာမည်က " It's Okay to Not Be Okay " ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ သာမန် K Drama Series တော်တော်များများမှာ တွေ့ရခဲတဲ့ Animation အထူးပြုလုပ်ချက် တော်တော်များများကို အိပ်မက်ဆန်ဆန် မြင်တွေ့ရမယ့် ကားတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းကျဉ်းကတော့ ..
ထပ်ချစ်လာရမယ့် အချစ်အသစ်အတွက် အချိန်မပေးနိုင်ပါဘူးဆိုတဲ့ စိတ်ရောဂါအထူးကုဌာနက ကျန်းမာရေးဝန်ထမ်းရယ်၊ အချစ်အကြောင်း လုံးဝမသိသူ၊ နာမည်ကြီး ကလေးပုံပြင် ရေးသားသူ စာရေးဆရာမရယ်၊ သူတို့နှစ်ဦး ဆုံမိရာက ဖြစ်ပေါ်လာတဲ့ Fantasy/Romance Drama လေးတစ်ခုပါ။
Moon Kang-Tae (Kim Soo-Hyun) ဟာ စိတ်ရောဂါအထူးကုဌာနမှ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး၊ သူ့တာဝန်က လူနာတွေရဲ့ အခြေအနေကို မှတ်သားရေးချထားရပြီး လူနာတွေကြားက မမျှော်လင့်ဘဲ ဖြစ်တတ်လာတတ်တဲ့ ပြဿနာပေါင်းစုံကို တာဝန်ယူဖြေရှင်းပေးနေရသူပါ။
Moon Kang က သူ့ထက် အသက် ၈ နှစ်ကြီးပြီး အထီးကျန်စိတ်ဝေဒနာ (Autism) ခံစားနေရတဲ့ အစ်ကိုဖြစ်သူကို စောင့်ရှောက်နေသူပါ။ တစ်လဝင်ငွေ $1500 ကျော်သာ ရရှိတဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်ပါတယ်။ ( $1500 ဆိုတာ ကိုရီးယားနိူင်ငံအနေနဲ့ဆိုရင်တော့ သာမန်ထက်နည်းပါးတဲ့ ဝင်ငွေတစ်ခုပါနော်)။
သူ့ဘဝအတွက် သူ့အစ်ကိုဟာ အရေးအကြီးဆုံးဖြစ်သူပါ။ အိပ်မက်အကြီးကြီးတွေ မရှိတဲ့ သာမန်လူတစ်ဦး ဖြစ်ပြီ၊း သူ့ခေါင်းထဲမှာ အစ်ကိုနဲ့သူ့အတွက် ပိုကောင်းတဲ့ ဘဝကိုရရှိအောင် ငွေများများရှာဖွေချင်သူ တစ်ယောက်ပါ။
Ko Moon-Young (Seo Ye-Ji) ကတော့ နာမည်ကျော် ကလေးပညာပေး ပုံပြင်စာအုပ်ရေးသားသူ တစ်ယောက်ဖြစ်ပေမယ့် သူမက အင်မတန် တစ်ကိုယ်ကောင်းဆန်တတ်သူပါတဲ့။ အမေက ရာဇဝတ်မှုတွေ၊ မူခင်းတွေကို ရေးသားတဲ့ စာရေးဆရာမဖြစ်ပြီး၊ အဖေဖြစ်သူက ကိုရီးယားစာပေ ပါမောက္ခ တစ်ယောက်ဖြစ်တာကြောင့် ငယ်စဉ်ကတည်းက လက်ညှိုးညွှန်ရာ ရေဖြစ်ခဲ့သူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။
အချစ်ကို စိတ်မဝင်စားတော့တဲ့သူနဲ့ နာမည်ကြီး စာရေးဆရာမတို့ ဆုံတွေ့မိကြတဲ့အခါမှာတော့ တစ်ယောက် စိတ်ဒဏ်ရာကို တစ်ယောက်က ကုပေးမလား? မတူညီတဲ့ အခြေအနေ နှစ်ခုကြားကပဲ ချစ်သွားမှာလား? ဆိုတာ စိတ်ဝင်စားစရာပါပဲ။
သာမန်ဇာတ်လမ်းတွဲတွေထက် သာလွန်နေတဲ့ အချက်တွေကတော့ ..
Female Character ပိုင်းကို ပုံမှန်နဲ့ ကွဲထွက်ပြီး အားကောင်းတဲ့ Character အဖြစ် ဖန်တီးထားတယ်၊
K Drama လောကရဲ့ ထိပ်တန်းစာရင်းဝင်သူ မင်းသား Kim Soo-Hyun က ဒီလို တည်ငြိမ်တဲ့ Character မျိုးကိုမှ သတ္တိရှိရှိ ရွေးချယ်ရိုက်ကူးထားတယ်၊
ဇာတ်လမ်းစတင်ကတည်းက Korea illustrator ရဲ့ Stop Motion လက်ရာတွေနဲ့ ဖွင့်ထားပြီး၊ မင်းသမီးရေးထားတဲ့ ပုံပြင်ကိုလည်း illustration နိုင်နိုင်နင်းနင်းနဲ့ လှလှပပ ချပြသွားတယ်၊
ဒါ့အပြင် ဇာတ်လမ်းတစ်ခုလုံး အိပ်မက်ဆန်တဲ့ အလှအပတွေကို ရင်သပ်ရှုမောဖွယ် ရိုက်ကူးပုံဖော်ထားတယ်၊
မင်းသားနဲ့ မင်းသမီးကလည်း ရုတ်တရက်ဆိုသလို အချင်းချင်း ကြိုက်သွားကြတာမျိုး မဟုတ်ဘဲ Chemistry မိမိ ပိုင်ပိုင်နိုင်နိုင် Romance ကို ပုံဖော်နိုင်တယ်၊
စတဲ့အချက်တွေကြောင့် သာမန်ဇာတ်လမ်းတွဲများထက် သာလွန်နေပြီး ကြည့်ရှုနှုန်းတရိပ်ရိပ် တက်နေတဲ့ ဇာတ်လမ်းတွဲ တစ်ခုလည်း ဖြစ်ပါတယ်။
စိတ်ရှည် သည်းခံတတ်သူနဲ့ တစ်ကိုယ်ကောင်းဆန်သူတို့ကြားက အချစ်ရေးအပြင် ညီအစ်ကို သံယောဇဉ်တွေကိုပါ တွေ့မြင်ရမယ့် ဇာတ်လမ်းတွဲလေးကိုတော့ Netflix နဲ့ tvN မှ 20th June ကနေစပြီး အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တိုင်းမှာ ထုတ်လွှင့်နေတာ ဖြစ်ပြီး အပိုင်း (၁၆) ပိုင်း ပါဝင်မယ်လို့ သိရပါတယ်။