နိုဝင်ဘာ ၂၁ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ရက်ရွှေ့ဆိုင်းရန် အိမ်ရှင် ဗီယက်နမ်နိုင်ငံက စီစဉ်နေကြောင်း ဗီယက်နမ်နိုင်ငံပိုင်သတင်းစာအား ကိုးကား၍ ဗန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။
ဗီယက်နမ်အိုလံပစ်ကော်မတီသည် အားကစားပြိုင်ပွဲများအား လာမည့်နှစ် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ကျင်းပရန် ပါဝင်ယှဉ်ပြိုင်မည့်နိုင်ငံများသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။၂၀၂၁ခုနှစ် ဇွန်လ ၉ရက်နေ့တွင် ကျင်းပသော အစည်းအဝေး၌ အိမ်ရှင်ဗီယက်နမ်က ပြိုင်ပွဲကို ၂၀၂၂ခုနှစ် ဇွန်လသို့ ပြောင်းရွှေ့ရန် အဆိုတင်သွင်းခဲ့သည်။အကြောင်းပြချက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှူပြန်လည်မြင့်တက်လာ၍ဟု ဆိုသည်။သို့သော် ဆီးဂိမ်းဖက်ဒရေးရှင်းအဖွဲ့ဝင် ၁၁နိုင်ငံမှ ၈နိုင်ငံကမူ ယင်းအဆိုကို ကန့်ကွက်ထားသည်။
ဗီယက်နမ်နိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးကော်မတီ (SEAGOC)ကို ၂၀၂၀ပြည့်နှစ် ဧပြီလတွင် ဖွဲ့စည်းခဲ့သည်။COVID 19ရောဂါကြောင့် ပြိုင်ပွဲအတွက် ခွင့်ပြုထားသည့် ဘဏ္ဍငွေအချို့ ဖြတ်တောက်ခံခဲ့ရသည်။ပြိုင်ပွဲအတွက် အမေရိကန်ဒေါ်လာ ၆၉.၃သန်း သုံးစွဲရန် လျာထားပြီး ၄၂.၃သန်းကို ပြိုင်ပွဲကျင်းပရေးအတွက်သုံးရန်ဖြစ်ပြီး ၂၅.၉သန်းကို အားကစားကွင်းများပြုပြင်ရန် သုံးမည်ဖြစ်သည်။ပြိုင်ပွဲအတွက် အားကစားကွင်းများစွာ ထပ်မံဆာက်မည်မဟုတ်ဘဲ ရှိရင်းစွဲများကိုသာ ပြန်လည်ပြုပြင်မည်ဖြစ်သည်။
အရှေ့တောင်အာရှအားကစားပွဲကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ နေရာပေါင်း ၁၁ နေရာတွင် ကျင်းပမည် ဖြစ်သည်။ ကျင်းပမည့်နေရာများထဲမှ တချို့နေရာများတွင် ကိုဗစ်မျိုးရိုးဗီဇပြောင်း ရောဂါအသစ် ဖြစ်ပွားနေသော နေရာများဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် (၃၁) ကြိမ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရက်အား လာမည့် ၂၀၂၂ အထိ ရွှေ့ဆိုင်းလိုခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စအား ဘန်ကောက်မြို့တွင် အခြေစိုက်သည့် အရှေ့တောင်အာရှအားကစားပွဲကောင်စီက ယခုရက်ပိုင်းအတွင်း ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။