ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးဆောင်ရွက်လျက် ရှိသည့် ထန်းတစ်ပင် စက်မှုဇုန် စီမံကိန်းကို ဆောင်ရွက်စဥ်ကာလ အတွင်းတွင် စက်မှုဇုန် ပတ်ဝန်းကျင်တွင် နေထိုင်သောသူများ အလုပ်အကိုင်များ ရရှိမည် ဖြစ်ပြီး စက်မှုဇုန် စီမံကိန်း ပြီးဆုံးသည့် အချိန်ကာလတွင်လည်း လုပ်သား ပေါင်း တစ်သိန်းကျော်မှ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည် ဖြစ်သည်။
အဆိုပါစီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ထန်းတပင်မြို့နယ်၊ ကုက္ကိုလ်ဝ တံတားအနီးရှိ ရေနက်ကွင်းနေရာတွင် တည်ဆောက်မည် ဖြစ်ပြီး စီမံကိန်းအကောင်အထည် ဖော်နိုင်ရန်အတွက် (၂၀၁၈) ခုနှစ်မှ စတင်အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ပေသည်။
ရေနက်ကွင်းနေရာတွင် ရှိသည့် ဒေသခံ လယ်သမားများနှင့် သဘောတူညီချက် ပြုလုပ်ပြီးစီးသည် ဖြစ်၍ တင်ဒါလုပ်ငန်း ကိစ္စရပ်များ ဆောင်ရွက်မည် ဖြစ်သည်။
တင်ဒါလုပ်ငန်းကိစ္စရပ်များကို တင်ဒါကျွမ်းကျင်အဖွဲ့မှ စိစစ်ရွေးချယ်ပေးမည် ဖြစ်ပြီး တင်ဒါလျှောက်ထားရာတွင် အဆိုပါစီမံကိန်းအတွက် တာ၀န်ယူ ဆောင်ရွက်နိုင်ခြင်း မရှိပါက လက်ရှိလုပ်ကိုင်နေသော ကုမ္ပဏီမှ ယင်းစီမံကိန်းကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ (၁၁) မြို့နယ်တွင်ရှိသည့် စီးပွားရေးလုပ်ငန်းများဖော်ဆောင်မည့် စီမံကိန်းများထဲတွင် ထန်းတပင်စက်မှုဇုန်နှင့် ရေပေါ်ဈေးလည်း တစ်ခုအပါအဝင် ဖြစ်ပေသည်။
အဆိုပါစီမံကိန်းတွင် ပါ၀င်သည့် လယ်ဧက (၄၀၀) ကျော်၌ ငါးဧကလျှင် တောင်သူအား စက်မှုမြေ တစ် ဧက ပြန်လည်ပိုင်ဆိုင်ခွင့်ပေးထားသည် ဖြစ်ရာ ဒေသခံ လယ်သမားများ၏ သဘောတူညီမှုဖြင့် ကျန်မြေဧက (၁၆၀၀) ကျော်နှင့်အတူ ထန်းတပင်စက်မှုဇုန်ကို တည်ဆောက်ခြင်းဖြစ်သည်။
ထိုစက်မှုဇုံတွင် လမ်း၊ ရေ၊ လျှပ်စစ်မီး စသည့် အခြေခံ အဆောက်အအုံများ အပါအဝင် စက်ရုံပေါင်း(၂၀၀) ပါ၀င်မည် ဖြစ်သည်။ထို့အပြင် ရေဆိုးသန့်စင်စက်ရုံ၊ အလုပ်သမားနေထိုင်မည့်အဆောက်အအုံ၊ လုံးချင်းအိမ်ရာ၊ စာသင်ကျောင်း၊ ပန်းဥယျာဉ်နှင့် စက်မှုဇုန်ရုံးများကိုလည်း ဆက်လက် တည်ဆောက်သွားမည် ဖြစ်ပေသည်။
ယင်းစက်မှုဇုန်တွင် လမုတန်း ကျေးရွာနှင့် လှိုင်မြစ်တစ်ဖက်ကမ်းရှိ မှော်ဘီမြို့သို့ ဆက်သွယ်နိုင်မည့် မြစ်ကူးတံတားတစ်စင်းကို တရုတ်(တိုင်ပေ)နှင့် ပူးပေါင်းဆောင်ရွက်ကာ တည်ဆောက်သွားမည် ဖြစ်သည်။
လက်ရှိအခြေအနေတွင် ရေနက်ကွင်းဒေသရှိ တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်မပြေမှုများ ရှိသော်လည်း စက်မှုဇုန် ပြီးစီးသွားပါက ယင်းဒေသရှိ တောင်သူများ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိမည် ဖြစ်ပြီး တိုင်းဒေသကြီး အနေဖြင့်လည်း အခွန်၀င်ငွေများ ပိုမိုရရှိလာမည် ဖြစ်ပေသည်။
Source : MOI
Photo crd:mdn