ကိုဗစ်ဖြစ်ပွားစဥ် ကာလအတွင်းတွင် ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းများသည် အခက်အခဲများ ရှိသော်လည်း ပြည်တွင်းစားသုံးမှုကို အထောက်အပံ့ ဖြစ်စေသည့် ရေချို၊ ရေငန် ရေထွက်ပစ္စည်းများသည် နေ့စဉ်နှင့်အမျှ ငါးစျေးများသို့ ဝင်ရောက်လျှက် ရှိရာ ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးဈေးကြီးတွင် အရောင်းအဝယ်များ အဆင်ပြေလျက်ရှိသည်။
လက်ရှိအချိန်တွင် ရွှေပိတောက် ငါးဈေးကြီး၌ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် (၂၅၀၀)၊ ငါးကြင်း တစ်ပိဿာလျှင် (၅၅၀၀)ကျပ် ၊ ငါးတန် တစ်ပိဿာလျှင် (၂၂၀၀)ကျပ် ၊ ငါးမုန့် တစ်ပိဿာလျှင် (၂၀၀၀)ကျပ် ၊ တီလားဗီးယား တစ်ပိဿာလျှင် (၂၈၀၀)ကျပ် ၊ ရေဘဝဲ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ပလာတူး တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ပြည်ကြီးငါး တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ် ၊ ကင်းမွန် တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ရွှေငါး တစ်ပိဿာလျှင် (၁၆၅၀)ကျပ် နှင့် ငါးသလောက် တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ် စသဖြင့် စျေးအသီးသီး ရှိသည်။
ယခင်လများ၌ (၂၀၀)ကျပ် ၀န်းကျင်ခန့်သာ ဈေးအတက်၊ အကျရှိသော်လည်း ယခု နိုဝင်ဘာလမှ စတင်ကာ စားသုံးသူများအတွက် ကုန်ပစ္စည်း ပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှု မရှိတော့ပေ။
တရုတ်ပြည်သို့ မြန်မာမှ ရေထွက်ပစ္စည်း တင်ပို့မှုအား နိုဝင်ဘာလမှစ၍ ပိတ်ထားခဲ့ရာ ရေချိုလုပ်ငန်းရှင်များနှင့် ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များမှ ပြည်တွင်းဈေးကွက်သို့ ဖြန်ဖြူးရာတွင် ကိုဗစ်ကာလ အတွင်း၌ စျေးကွက်အတွင်းတွင် အဆင်ပြေလျက် ရှိပေသည်။
သီရိမင်္ဂလာ ကုန်စိမ်းဈေးနှင့် ကပ်လျက်ရှိသော ရွှေပိတောက်ငါးဈေးသည် အကျယ်အ၀န်းအားဖြင့် ရှစ်ဧကခန့်ရှိသည်။အဆိုပါ စျေးတွင် ဈေးရုံပေါင်း ရှစ်ရုံခန့် ရှိသည့်အပြင် (၁၁) ပေနှင့် (၁၈) ပေ ကျယ်သည့် ဆိုင်ခန်းပေါင်း (၄၀၀) ကျော်ရှိသည်။
ငါးစားသုံးမှု များလာသည့် ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးဈေးတွင် တစ်ရက်လျှင် ရေထွက်ပစ္စည်း တန်ချိန်ပေါင်း တစ်သိန်းခွဲခန့် ပုံမှန်ဝင်ရောက်လျက်ရှိပြီး ယခုရက်ပိုင်းအတွင်းတွင် တစ်ရက်လျှင် တန်ချိန်နှစ်သိန်းခန့် တိုးမြှင့် ဝင်ရောက်လျက် ရှိသည်။