Events

မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့်ပွဲအား အွန်လိုင်းမှတစ်ဆင့် (၁၄)ရက်တိုင်တိုင် ပြုလုပ်ကျင်းပမည်

Read 862 times

by Win MM Htay

၂၀၂၀ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် ပွဲတော်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် မြန်မာ့ရုပ်ရှင် အစည်းအရုံးတို့ ပူးပေါင်း၍ အောက်တိုဘာလ (၈)ရက်နေ့မှ (၃၁) ရက်နေ့အထိ အွန်လိုင်းရုပ်ရှင်ပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

ထိုအွန်လိုင်းရုပ်ရှင်ပွဲတော်တွင် ခေတ်အဆက်ဆက် ရိုက်ကူးပြသခဲ့ကြသော မြန်မာ့ရုပ်ရှင် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ ဖန်တီးမှူများအား လေ့လာခွင့်ရစေရန် ပြုလုပ်ပေးသွားမည် ဖြစ်ပြီး မြန်မာ့ရုပ်ရှင် ပရိတ်သတ်များ အနေဖြင့် မိမိကြိုက်နှစ်သက်ရာ ဇာတ်ကားများကို အွန်လိုင်းမှတစ်ဆင့် ရွေးချယ်ကြည့်ရှုနိုင်ရန် စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

ယခင်က မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့် ပွဲတော်ကို ပွဲရုံကြီးများဖြင့် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပရန် စီစဉ်ထားခဲ့ကြသော်လည်း ယခုမူ ကိုဗစ်-၁၉ ရောဂါ ထိန်းချူပ်ကာကွယ်ရေး ကြေညာချက်အရ ပြည်သူအများ မိမိတို့ နေအိမ်တွင်ပင် မြန်မာ့ရုပ်ရှင်ကို ကြည့်ရှုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ထို့သို့ အွန်လိုင်းပွဲတော်ကို စီစဉ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ 

အွန်လိုင်းရုပ်ရှင်ပွဲတော်ကို Mahar Mobile Application တွင် မြန်မာရုပ်ရှင်ဇာတ်ကားပေါင်း (၂၅၀၀) ကျော်အား ပရိုမိုကုဒ် (102020) ဖြင့် အောက်တိုဘာလ (၈) ရက်နေ့မှ (၃၁) ရက်နေ့အထိ ကြည့်ရှုနိုင်ပြီး Pyone Play Application ဖြင့်လည်း မြန်မာရုပ်ရှင်ဇာတ်ကားပေါင်း (၃၀)ကျော်နှင့် ရုပ်သံဇာတ်လမ်းတွဲများအား အခမဲ့ ကြည့်ရှုနိုင်မည် ဖြစ်သည်။ 

ထို့ပြင် Cookie Application တွင် မြန်မာရုပ်ရှင် ဇာတ်ကားပေါင်း (၅၀) ကျော်၊ ရုပ်သံလိုင်းပေါင်း (၅၀)ကျော်နှင့် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့် အထိမ်းအမှတ် Movie Album များကို ပရိုမိုကုဒ် (MMFILM100) ဖြင့် အောက်တိုဘာလ (၁၃) ရက်နေ့မှ (၃၁) ရက်နေ့အထိ အခမဲ့ ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။ 

Source : MRTV News 

 

Bookmark