Food & Drinks

ပြည်ကြီးငါးသံပုရာပေါင်းကို အိမ်မှာ လွယ်လွယ်ကူကူ ဘယ်လိုလုပ်စားကြမလဲ

Read 1510 times

ငါးသံပုရာပေါင်းက လူသိများပေမဲ့ ပြည်ကြီးငါးရာပေါင်းက လူသိနည်းနေဆဲပါ။ ထူးထူးခြားခြားလေးဖြစ်သွားအောင် ကင်းမွန်သံပုရာပေါင်းကို အိမ်မှာချက်ကြည့်ရအောင်..

ပါဝင်ပစ္စည်းများ

ပြည်ကြီးငါး - နှစ်ကောင် (400 g)

ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်

ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း

သံပုရာရည် - ထမင်းစားဇွန်း လေးဇွန်း

ငရုတ်သီးစိမ်း အနီရောင် - လေးတောင့်

ငရုတ်သီးစိမ်း အစိမ်းရောင် - လေးတောင့်

ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ

သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ရေ - ခွက်တစ်၀က် (၁၀၀မီလီလီတာ)

သံပုရာသီး - တစ်လုံး (အလှဆင်ရန် အကွင်းလေးတွေ လှီးထားပါ)

နံနံပင် - နှစ်သက်သလောက် (အလှဆင်ရန် အကွင်းလေးတွေ လှီးထားပါ)

ဆော့ပြုလုပ်ရန်

ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ

ငရုတ်သီးစိမ်းကို အညှာဖြုတ်ပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ

ဇလုံတစ်လုံးထဲမှာ အဆင်သင့်ပြင်ထားသော သံပုရာရည် ငါးငံပြာရည် သကြား ရေ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတို့ကို ရောပြီး သကြားပျော်တဲ့အထိ ဖျော်ထားပေးပါ

ပြင်ဆင်ပုံ

ပြည်ကြီးငါးကို ကြောဘက်မှ ကော်ချောင်းကို ထုတ်ပေးပါ။

ဗိုက်ထဲမှ အစာအိတ်နဲ့ သည်းခြေအိတ်ကို မပေါက်မပြဲအောင် သေသေချာချာကိုင်ပြီး ထုတ်ပေးပါ။

မျက်လုံးနှစ်လုံးနှင့် သွားတို့ကို လက်နှင့်ညှစ်ပြီး ထုတ်ပေးပါ။

ပြီးတာနဲ့ ပြည်ကြီးငါးကို ဇလုံထဲမှာ ထည့်ပေးကာ ဆားထည့်ပြီး ခပ်ဖွဖွနယ်ပြီး ရေစင်အောင် ဆေးပေးကာ ရေစစ်ထားပါ။

ရေစစ်ထားသော ပြည်ကြီးငါးကို ဆား၊ ကြက်သားမှုန့်တို့ဖြင့် သမအောင် ရောနယ်ပေးထားပါ

အရသာ နယ်ပြီးတာနဲ့ အရသာ စပ်ထားသော ဆော့ရည်ကို ပြည်ကြီးငါး အပေါ်သို့ လောင်းထည့်ပါ

အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပေါင်းအိုးနဲ့ ၅မိနစ် ပေါင်းပေးပါ

ပြည်ကြီးငါး ပေါင်းချိန်ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ။

အိုးအဖုံး ဖွင့်ပြီးတာနဲ့ အရသာမြည်းပြီး ချိုချဉ်ငံစပ် အရသာကို မိမိစိတ်ကြိုက်ရအောင် ပြင်ပေးကာ သံပုရာသီး အစိတ်လေးများနှင့် နံနံပင် ထည့်ပေးကာ အိုးအဖုံးကို ခနအုပ်ထားပါ

ပြီးတာနဲ့ ပြည်ကြီးငါးပေါင်း အလှဆင်ရန်အတွက် ပန်းကန်ထဲမှာ ပြည်ကြီးငါးကို ထည့်ပေးပြီး ထိုအပေါ်မှ သံပုရာကွင်းနှင့် နံနံပင်ကို တင်ပေးပါ

ချိုချဉ်ငံစပ် အရသာရှိသော ပြည်ကြီးငါး သံပုရာပေါင်းကို ဓါးပြတ်ပြတ်လေးဖြင့် လှီးပေးကာ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

ကဲဒီလိုဆို ဘာချက်ရမယ်မှန်းမသိတဲ့ အိမ်ရှင်မတွေ အတွက် ထူးထူးခြားခြားလေးဖြစ်မယ့် ပြည်ကြီးငါး သံပုရာပေါင်းလုပ်နည်းလေး သိသွားပြီလို့ထင်ပါတယ်။ 

 

Bookmark