နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြည်သူလူထုကို တတိယအကြိမ် ထပ်မံထောက်ပံ့သွားရန် အစီအစဥ်ရှိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးမှ ပြောကြားခဲ့သည်၊၊
ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် နိုင်ငံတော် အစိုးရအနေဖြင့် သင်္ကြန်ရုံးပိတ်ရက်ရှည်မှစ၍ ရိက္ခာ ငါးမျိုးထောက်ပံ့ခဲ့ရာ အိမ်ထောင်စု (၅.၃) သန်းအတွက် ငွေကျပ် (၇၁.၁၀၃) ဘီလီယံကုန်ကျခဲ့သည်။ နောက်ပိုင်းတွင် ရိက္ခာ ငါးမျိုး မဖြန့်ဝေတော့ဘဲ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် နှစ်ကြိမ် ထောက်ပံ့ခဲ့ရာ (၁၈.၁၁၂)ဘီလီယံ ထပ်မံကျခံခဲ့သည် ဟုပြောကြားခဲ့သည်။
“ယခုအခါတွင်လည်း အိမ်ထောင်စုပေါင်း၅ ဒသမ ၆ သန်းကိုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့သွားရန် ရှိပြီး ငွေကျပ် ၁၁၃ ဒသမ ၅၃၅ ဘီလီယံကျခံသွားမည် ဖြစ်ပါကြောင်း ” ပြောကြားခဲ့သည်။
ကိုဗစ်ကာလအတွင်း ပြည်သူများအား လျှပ်စစ်ဓာတ်အား (၁၅၀) ယူနစ်ကင်းလွတ်ခွင့်ပေးခြင်းအပြင် တောင်သူလယ်သမားများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ စေတနာ့ဝန်ထမ်း များ နှင့် SME လုပ်ငန်း များကိုလည်း သက်သာသောနှုန်းထားဖြင့် ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်းသိရှိရသည်။
By Aung Myo Hein